မဲခေါင်၊ ဧပြီ ၁၀
ဓနုအမျိုးသားဖက်ဒရယ်ကောင်စီက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးအတွက် တော်လှန်ရေး အင်အားစုများ၊ မဟာမိတ်အဖွဲ့အစည်းများ၊ လူမျိုးစုများနှင့် လက်တွဲ လုပ်ဆောင်မည် ဖြစ်ကြောင်း ဓနုအမျိုးသားဖက်ဒရယ်ကောင်စီ – DNFC ဧပြီ ၈ ရက်တွင် ထုတ်ပြန်လိုက်သည်။
ယင်းထုတ်ပြန်ချက်တွင် DNFC အနေဖြင့် လူမျိုးစုတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့် နှင့် ရိုးရာယဉ်ကျေးမှုတို့ကို ပျက်သုဉ်းစေသည့် စနစ်အမျိုးမျိုး နှင့် စစ်အာဏာရှင် စနစ်အပါအဝင် အာဏာရှင်စနစ်အမျိုးမျိုးကို နည်းလမ်းမျိုးစုံဖြင့် တော်လှန်သွားမည် ဖြစ်ကြောင်း၊ လူမျိုးစုအားလုံး နှင့် ပြည်ထောင်စုအရေးသည် ဓနုလူမျိုးစုတို့၏ အရေးဖြစ်သလို ဓနုလူမျိုးစုတို့၏ အရေးသည်လည်း လူမျိုးစုအားလုံးနှင့် ပြည်ထောင်စုအရေးအဖြစ် သန္နိဌာန်ချကာ တော်လှန်ရေးအင်အားစုများ၊ မဟာမိတ်အဖွဲ့အစည်းများ၊ အခြားသော လူမျိုးစုများနှင့် လက်တွဲ၍ အမျိုး သားတန်းတူရေး နှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ကို အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးအတွက် တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်မည်ဖြ စ်ကြောင်း ဖော်ပြထားသည်။
ထိုပြင် ဒေသတွင်း လူမျိုးစုများ ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲနေထိုင်ရေး၊ ရေရှည်တည်တံ့သောငြိမ်းချမ်းရေး၊ အမျိုးသားတန်းတူညီမျှရေး၊ လူ့အခွင့်အရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရှေးရှုသော မူဝါဒများကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး DNFC သည် ဓနုလူထုတရပ်လုံးကို နိုင်ငံရေးအရ ကိုယ်စားပြုသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ ပြည်တွင်းပြည်ပရှိ မိတ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအသိုက်အဝန်းများနှင့် သံတမန်နည်းလမ်းကျကျ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး၊ တရားမျှတပြီး ရေရှည်တည်တံ့ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းဆီသို့ အစဉ်တစိုက် ချီတက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
DNFC သည် ယခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် ကောင်စီဝင် ၁၁ ဦးနှင့် ဖွဲ့စည်းထားသည့် တော်လှန်ရေးအဖွဲ့ ဖြစ်သည်။
DNFC သည် ဓနုလူထုတရပ်လုံးကို နိုင်ငံရေးအရ ကိုယ်စားပြုသော စုပေါင်းခေါင်းဆောင်မှု ယန္တရားတစ်ခု ဖြစ်သည့်အားလျော်စွာ၊ အကြောင်းအမျိုးမျိုးကြောင့် ယခုအဆင့်တွင် မပါဝင်နိုင်သေးသော ဓနုအင်အားစုများ၊ အဖွဲ့အစည်းများနှင့် ပညာရှင်များအားလုံးကိုလည်း ဓနုအမျိုးသားရေးဆိုင်ရာ ရည်မှန်းချက်များ ဖော်ဆောင်ရာတွင် အတူတကွ ပူးပေါင်းလက်တွဲဆောင်ရွက်သွားရန် ဖိတ်ခေါ်ထားသည်။
ထို့နောက် မျက်မှောက်ကာလတွင် ဖြစ်ပေါ်နေသော နိုင်ငံရေးနှင့် လူမှုစီးပွားဆိုင်ရာ စိန်ခေါ်မှု အကျပ်အတည်းများကို စနစ်တကျ ရင်ဆိုင်ကျော်လွှားနိုင်ရန်နှင့် ဓနုလူမျိုးစုတရပ်လုံး၏ ရည်မှန်းချက်ဖြစ်သော အမျိုးသားတန်းတူ ညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ဖော်ဆောင်နိုင်ရန်အတွက် ခိုင်မာသည့် နိုင်ငံရေးဦးဆောင်မှု ယန္တရားတစ်ရပ် လိုအပ်လျက်ရှိကြောင်း DNFC က ပြောထားသည်။
#MeKongNews
#ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု
#တော်လှန်ရေးအင်အားစု
#မဟာမိတ်အဖွဲ့အစည်း
#လူမျိုးစု
#DNFC








