မဲခေါင်၊ ဧပြီ ၉
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရေသန့် ၂၀ လီတာဝင် ဗူးကြီးများကို ယခင် ၁၅ ဘတ်မှယခု ဘတ်၂၀ သို့ ၅ ဘတ်( ၆၅၀ ကျပ်ခန့် ) စျေးတင်ရောင်းချမည် ဖြစ်ကြောင်း ရေသန့်လုပ်ငန်းရှင်များထံမှ သိရသည်။
ပြီးခဲ့သည့် ဧပြီ ၄ ရက်က ပြုလုပ်ခဲ့သည့် ရေသန့်လုပ်ငန်းရှင်များ အစည်းအဝေးမှ ယင်းကဲ့သို့စျေးတင် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“အဓိက စက်သုံးဆီစျေး တက်တာကြောင့်ပါ။ ဗူးခ၊ မီးခ၊ ကားခ၊ လုပ်သားခတွေလည်း ပိုမိုကုန်ကျလာတာ ရှိတယ်၊ ပြီးတော့ ထိုင်းဘက်က ဝင်တဲ့ရေသန့်ကလည်း စျေးကွက်ဝင်လုတာ ရှိနေတာပါ၊ ဗူးကြီးပဲတက်မှာပါ။ ကျန်ဗူးသေးတွေကတော့ ပုံမှန်စျေးပါပဲ'”ဟု ရေသန့်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
စက်သုံးဆီစျေးများ ပြန်လည် ကျဆင်းလာပါက မူလစျေးနှုန်းသို့ ပြန်လည် သတ်မှတ်မည် ဖြစ်သော် လည်း လက်ရှိတွင်၂၀ လီတာ ဗူးကြီးများကို စျေးနှုန်းအသစ်ဖြင့် ဖြန့်ဖြူးနေပြီး ကျန်ရေသန့်ဗူးသေး ၂၅၀ စီစီ၊ ၃၅၀ စီစီ၊ ၅၀၀ စီစီ၊ ၈၀၀ စီစီများကမူ ပုံမှန် စျေးများသာ ဆက်ရှိနေမည် ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်မှ ဝင်ရောက်လာနေသည့် Singha ရေသန့်များနှင့် ပတ်သက်၍ ထိန်းချုပ်ပေးနိုင်ရန် တာဝန်ရှိသူများသို့ ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်ကတည်းက တင်ပြထားသော်လည်း ယခုထိ ဝင်ရောက်နေဆဲဖြစ်ပြီး တစ်ရက်လျင် ပျမ်းမျှ လီတာ ၅၀၀ ကျော် ဝင်ရောက်နေဆဲ ဖြစ်သည်ဟု ဆိုသည်။
#MeKongNews
#တာချီလိတ်
#ရေသန့်
#၂၀လီတာ
#စျေးတက်








