မဲခေါင်၊ ဧပြီ ၆
စစ်ကောင်စီ၏ ရှမ်းပြည်လွှတ်တော်တွင် ကြံ့ခိုင်ရေးပါတီမှ၊ ရပ်စောက်မြို့နယ် ကိုယ်စားလှယ် စိုင်းထိန်စိုး ကို ရှမ်းပြည်ဝန်ကြီးချုပ်အဖြစ် ခန့်အပ် တာဝန်ပေးအပ်ရန် ရှမ်းပြည်လွှတ်တော်က အတည်ပြု ဆုံးဖြတ်လိုက်သည်။
.
ရှမ်းပြည်ဝန်ကြီးချုပ် အဖြစ် အတည်ပြု ခန့်အပ်ခံရသူ စိုင်းထိန်စိုး သည် ပြည်နယ်လွှတ်တော် ရပ်စောက်မြို့နယ် အချိုးကျကိုယ်စားပြု (PR) ကိုယ်စားလှယ်အဖြစ် ကြံ့ခိုင်ရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိထားသူ ဖြစ်သည်။
“သူက အကြမ်းဖျဥ်းသိရတာတော့ မိုင်းပန် စကခ ၁၇ ရဲ့ ဒုတပ်မမှူးက သွားတာ၊ သူ့အမျိုးသမီးက လင်းခေးသူလို့ သိရတယ်” ဟု မိုင်းပန် ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်၊ ပထမပုံမှန်အစည်းအဝေး၊ စတုတ္ထနေ့ကို ယနေ့ ဧပြီ ၆ ရက်၊ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းအစည်းအဝေးတွင် သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခြင်းခံရသူက ပြည်နယ်ဝန်ကြီးချုပ် အဖြစ် ခန့်အပ် တာဝန်ပေးအပ်ရန် အဆိုပြုထားသူ၏ အမည်စာရင်းကို ပြည်နယ်လွှတ်တော်တွင် ဆွေးနွေးပြီး ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
“ဝန်ကြီးဌာန ၇ ဌာနအစား ၁၀ ဌာန တိုးချဲ့ပေးပို့လည်း လွှတ်တော်မှာ တင်တယ် သိရတယ်” ဟု ရှမ်းလွှတ်တော်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ထို့ပြင် ပြည်နယ်တရားလွှတ်တော် တရားသူကြီး ၄ ဦး ခန့်အပ်ရန် ပြည်နယ်လွှတ်တော်တွင် ဆွေးနွေးပြီး အတည်ပြု ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
.
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဥ္စမနေ့ကို မနက်ဖြန် ဧပြီ ၇ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
#MeKongNews
#ရပ်စောက်
#ကြံ့ခိုင်ရေးကိုယ်စားလှယ်
#စိုင်းထိန်စိုးကို
#ရှမ်းဝန်ကြီးချုပ်
#ရှမ်းလွှတ်တော်








