မဲခေါင်၊ မတ် ၃၀
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့သစ်၊ အကွက်ကြီး(၉) ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများပူးပေါင်း၍ စစ်ကောင်စီတပ်က သတ်မှတ် ခေါ်ယူထားသည့် စစ်မှုထမ်းဦးရေထက် ကျော်လွန် ရွေးချယ်ပြီး မလိုက်လိုပါက ငွေပေးရမည်ဟုဆိုကာ ငွေကြေး အဆမတန် ကောက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်မှုထမ်း မဲနှိုက်ရာတွင် ပုံမှန်အားဖြင့် နယ်မြေတစ်ခုလျှင် ၂ ယောက်သာ ရွေးချယ်ရမည် ဖြစ်သော်လည်း အကွက်ကြီး(၉) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကိုတူးက စစ်မှုထမ်းအပတ်စဉ် (၅) မှ စတင်ကာ နယ်မြေတစ်ခုလျှင် ၂ ယောက်စီ ရွေးချယ် ခေါ်ယူနေကြောင်း သိရသည်။
အကွက်ကြီး(၉) ရှိ နယ်မြေ ၉ ခုအားလုံးတွင်မှ ပုံမှန်အားဖြင့် တစ်လလျှင် စစ်မှုထမ်း ၂ ယောက်သာ ရွေးချယ် ပို့ဆောင်ရမည် ဖြစ်သော်လည်း လက်ရှိတွင် စုစုပေါင်း ၁၈ ယောက်အထိ ရွေးချယ်နေခြင်း ဖြစ်သည်။
“စစ်မှုထမ်း စခေါ်တဲ့အချိန် အပတ်စဉ် ၁၊ ၂၊ ၃၊ ၄ လောက်အထိတော့ ပုံမှန်အနေအထား ရှိပါတယ်။ အပတ်စဉ် ၅ လောက်ကစပြီး အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေ မရိုးသားတော့ဘူးလို့ ပြောရမှာပါ။ မဲနှိုက်ဆိုရင်လည်း တစ်နယ်မြေကို အမြဲတမ်းလိုလို ပေါက်မဲ ၂ ယောက်နှိုက်နေရပါတယ်” ဟု ရပ်ကွက်နေသူတစ်ဦးက မဲခေါင်သို့ ပြောသည်။
ရွေးချယ်ထားသည့် ၁၈ ယောက်အနက် ၂ ယောက်သာ အမှန်တကယ် စစ်သင်တန်းပို့ခံရပြီး မလိုက်လိုပါက လူငှားခအဖြစ် တစ်ဦးလျှင် ၇၅ သိန်းကျပ်အထိ တောင်းခံကြောင်း သိရသည်။
ထို့ပြင် ကျန်ရှိသည့် ၁၆ ယောက်ကိုလည်း စစ်မှုထမ်းမလိုက်လိုပါက တစ်ဦးလျှင် ကျပ် ၄၅ သိန်းမှ သိန်း ၅၀ အထိ ပေးရမည်ဟု ခြိမ်းခြောက် တောင်းခံနေသဖြင့် ထွက်ပြေး တိမ်းရှောင်သူများလည်း ရှိကြောင်း ရပ်ကွက်နေသူများက ဆိုသည်။
“ကျန်တဲ့ ၁၆ ယောက်က စစ်မှုထမ်းဖို့ မဟုတ်ဘူး။ သူတို့ အကြံအဖန်လုပ်ဖို့ ပိုပြီး မဲနှိုက်ခိုင်းတာပါ။ မလိုက်ချင်ရင် ရာအိမ်မှူးတွေက ၄၅ သိန်း၊ ၅၀ သိန်းလောက်တောင်းပြီး အုပ်ကြီးဆီကို ပေးရပါတယ်။ မပေးနိုင်တဲ့သူတွေထဲက တချို့လည်း မဲပေါက်တဲ့နေ့ပြီး နောက်နေ့မှာတင် ထွက်ပြေးကြရပါတယ်”ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။
စစ်မှုထမ်း အပတ်စဉ် (၁၇) တွင်လည်း အကွက်ကြီး(၉) ရပ်ကွက်၌ နယ်မြေတစ်ခုလျှင် ၅ ယောက်စီ ပေးရမည်ဟုဆိုကာ စုစုပေါင်း ၄၅ ယောက် မဲနှိုက်ရွေးချယ်ခဲ့ရကြောင်း သိရသည်။
ထိုသို့ နယ်မြေအလိုက် မဲပေါက်သူများထံမှ ငွေတောင်းခံရာတွင် နယ်မြေမှူးအချို့က အုပ်ချုပ်ရေးမှူး ဦးကိုတူးထံ မအပ်သည့် ဖြစ်စဉ်များလည်း ရှိနေသဖြင့် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများအကြား ပြဿနာများ ဖြစ်ပွားနေကြောင်းလည်း သိရသည်။
ပုံမှန်အားဖြင့် ရပ်ကွက်အလိုက် စစ်မှုထမ်းရွေးချယ်ရာတွင် ၃ လလျှင် တစ်ကြိမ် ၂ ယောက်နှုန်းသာ ပေးရမည်ဖြစ်သော်လည်း လက်ရှိတွင် အကွက်ကြီး(၉) ရပ်ကွက်၌ အပတ်စဉ်တိုင်း နယ်မြေတစ်ခုလျှင် ၂ ယောက်စီ မဲနှိုက်ပေးနေရကြောင်း သိရသည်။
ယင်းကြောင့် ရပ်ကွက်နေပြည်သူများအနေဖြင့် စစ်မှုထမ်းစရိတ်များကြောင့် အကြွေးတင်ကာ စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း ဆိုသည်။
“ခုတော့ နယ်မြေတိုင်း ၂ လခွဲ၊ ၃ လကြာရင် မဲနှိုက်ရပြန်ပြီ။ အိမ်ဝိုင်းလေးတွေ ရောင်းပေးတဲ့သူကပေးတယ်။ အိမ်ဝိုင်းလေးတွေ ပေါင်ပေးတဲ့သူကပေးနဲ့ ရပ်ကွက်သူ/ရပ်ကွက်သားတွေ၊ မိသားစုဘဝတွေ အတော်များများ ဘဝပျက်ကုန်ကြပြီ” ဟု အကွက်ကြီး(၉)တွင် နေထိုင်သူတစ်ဦးက ဆိုသည်။
အကွက်ကြီး(၉) ရပ်ကွက် အုပ်ချုပ်ရေးတာဝန်ယူထားသူများမှာ အုပ်ချုပ်ရေးမှူး ဦးကိုတူးနှင့် ရာအိမ်မှူးများဖြစ်ကြသည့် ဦးအောင်မင်း (ခ) ဖိုးဂျူး၊ ကိုကျော်၊ ဦးလှဝင်း၊ ဦးဝင်းနိုင်၊ ဦးဝင်းဝင်း၊ ဦးမြင့်ဦး၊ ဦးမောင်ကျော်၊ ဦးညွှန့်သန်း နှင့် ဦးစွမ်းရည်တို့ ဖြစ်ကြောင်း သိရသည်။
“ငါ့ကို ရပ်ကွက်နေပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတာ မဟုတ်ဘူး၊ အထက်က တိုက်ရိုက်ခန့်ထားတာ” ဟု အုပ်ချုပ်ရေးမှူး ဦးကိုတူးက ပြောဆိုလေ့ရှိပြီး ရပ်ကွက်နေ ပြည်သူများအပေါ် မောက်မာစွာ ဆက်ဆံကြောင်းလည်း သိရသည်။
စစ်မှုထမ်း အပတ်စဉ် (၁) မှ (၂၃) အထိ အကွက်ကြီး(၉) ရပ်ကွက်မှ မဲပေါက်ထားသူ စုစုပေါင်း ၂၀၀ ခန့်ရှိပြီး စစ်တပ်မှ အမှန်တကယ် ခေါ်ယူထားသူမှာ ၄၀ ယောက်သာ ရှိသေးကြောင်း သိရသည်။
#MeKongNews
#အေးသာယာ
#စစ်မှုထမ်း
#ငွေတောင်း
#ငွေညှစ်
#အုပ်ချုပ်ရေးမှူး








