မဲခေါင်၊ မတ် ၂၄
တာချီလိတ်မြို့နယ်၊ မိုင်းဟဲ (အောက်) ကျေးရွာအုပ်စုရှိ ကော့ရားကျေးရွာအနီးတွင် ကာလတန်ဖိုးငွေကျပ် ၂၀ ဒဿမ ၂ ဘီလီယံခန့်ရှိသော မူးယစ်ဆေးဝါးချက်စခန်းနှင့် ဆက်စပ်ပစ္စည်းများကို မတ်လ ၂၄ ရက် ညနေ ၃ နာရီခန့်တွင် စစ်ကောင်စီက ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
နယ်မြေအတွင်း ဝင်ရောက်ရှာဖွေစစ်ဆေးရာတွင် မူးယစ်ဆေးဝါး ချက်လုပ်/ထုပ်ပိုးသည့် မိုးကာတဲကြီး ၂ လုံး အပါအဝင် လူနေတဲများနှင့် ထမင်းစားဆောင်တဲ စုစုပေါင်း ၁၁ လုံးကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတဲများအတွင်းမှ သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့် လက်နက်ကိရိယာများမှာ WY စိတ်ကြွဆေးပြား ၆၉ သိန်း (၆ ဒသမ ၉ သန်း) ပြားနှင့် ဆေးမှုန့်/ဆေးအကြေ အိတ်အများအပြား၊ အိုက်စ် (Ice) ၄၉ ကီလိုဂရမ်၊ မူးယစ်ဆေးချက်လုပ်သည့်ပစ္စည်းများဖြစ်သည့် ဆေးပြားရိုက်စက် ၄ လုံး၊ မွှေစက် ၁ လုံး၊ ဂတ်စ်အိုး ၃၂ လုံးနှင့် မီးစက်ကြီး ၁ လုံး၊ ဓါတုပစ္စည်းများဖြစ်သည့် ကဖင်းအိတ်ပေါင်း ၁၁၀ ကျော်နှင့် ဆေးရည်/ဆေးမှုန့် အများအပြား၊ ဆက်သွယ်ရေးစက်: Starlink Gen 3 အင်တာနက်စက် ၁ လုံးတို့ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများကို သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းအပ်နှံရန် ဆောင်ရွက်နေကြောင်း သိရသည်။ ယင်းဒေသတစ်ဝိုက်တွင် မသင်္ကာဖွယ် ချက်လုပ်သည့်နေရာများ ထပ်မံရှိနိုင်သဖြင့် နယ်မြေရှင်းလင်းခြင်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထိုသို့ မူးယစ်ဆေးဝါးများနှင့် ဆေးချက်စခန်းကို ဖမ်းမိသော်လည်း လူတဦးတယောက်ကိုမျှမူ ဖမ်းမိခြင်း မရှိပေ။
#MeKongNews
#တာချီလိတ်
#မူးယစ်ဆေးဝါ
#မူးယစ်ချက်စခန်း
#မိုင်းဟဲအောက်








