မဲခေါင်၊ မတ် ၂၀
တအာင်းတပ်ဖွဲ့ – TNLAအား ထိုးစစ်ဆင် တိုက်ခိုက်သည့် ကာလအတွင်း ပြည်သူ ၈ ဦးထက်မနည်းကို ကိုးကန့်တပ်ဖွဲ့ – MNDAA က သတ်ဖြတ်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ ရရှိသည့် စာရင်းအရ သိရသည်။
MNDAA သတ်ဖြတ်လိုက်သည့် ပြည်သူများတွင် ကျေးရွာကော်မတီဝင်၊ ပရဟိတသမားနှင့် သာမန်ပြည်သူများပါ ပါဝင်သည်ကို တွေ့ရသည်။
ထို့ပြင် ကိုးကန့်တပ်ဖွဲ့က ဖမ်းဆီး ရိုက်နှက်မှုကြောင့် ကလေး ၄ ဦးအပါအဝင် ပြည်သူ ၇ ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
“ဒါတွေက ကျနော် သိသလောက်ကိုပဲ ပြောပြထားတာပါ၊ မြေပြင်မှာက ဒီထက်ပိုများဖို့ပဲ ရှိပါတယ်။ တစ်ရက်နှစ်ရက်ဖမ်းပြီး ပြန်လွတ်လာတာတွေ အရိုက်ခံရတာတွေလည်း အများအပြား ရှိပါတယ်”ဟု ရှမ်းမြောက်ရှိ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
TNLA ကို စတင် ထိုးစစ်ဆင်သည့် မတ် ၁၄ ရက်တွင် နမ့်ဖက်ကာမြို့ ရပ်ကွက် ၄ ရှိ အသက် ၃၄ နှစ်အရွယ် မိုင်းအိုက်ကျင် နှင့် ပြည်သူတစ်ဦးကို MNDAA က ဖမ်းဆီးခေါ်ဆောင်သွားပြီး ပစ်သတ်ခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။
ထို့နောက် မတ် ၁၅ ရက်တွင် ကွတ်ခိုင်မြို့နယ်၊ မန်ထန်ရွာ၊ လွယ်ဆိုင်ရွာ၊ ဟိုကျန့်ရွာကို MNDAA က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မန်ထန်ရွာဘုန်းကြီးကျောင်းတွင် စစ်ရှောင်နေသည့် အသက် ၈ နှစ်အရွယ် မအီအဝင်း နှင့် အသက် ၄၆ နှစ်အရွယ် ယာမာအိုင်ဖစ်တို့ သေဆုံးခဲ့သည်။
ထို့ပြင် ကလေး ၄ ဦးနှင့် အမျိုးသမီး ၂ ဦးလည်း ဒဏ်ရာရရှိခဲ့သည်။
လွယ်ဆိုင်ရွာ ဘုန်းကြီးကျောင်းကို ဗုံးကြဲရာတွင်လည်း နာရေးကူညီမှုအသင်းမှ ပရဟိတသမား မိုင်းထွန်းလှဆိုသူ အမျိုးသားတစ်ဦး သေဆုံးပြီး ဦးအိုက်ဟိန်းဆိုသူမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် ဟိုကျန့်ရွာကို ကိုးကန့်တပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲရာတွင်လည်း အသက် ၅၃ နှစ်အရွယ် ယာမာခင်ဆိုသူ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရသည်။
မတ် ၁၆ ရက်တွင်လည်း ကောင်းခါးကျေးရွာမှ မန်ပြိန်းကျေးရွာဘက်၌ MNDAA ၏ ဒရုန်းဗုံးထိမှန်သဖြင့် နေ့စားလိုက် ကြံခုတ်နေသည့် သားအမိ၂ဦးတွင် အမေဖြစ်သူ ယာအိုင်ကြိမ်ဆိုသူမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး သမီးဖြစ်သူလွေးအမ်မှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။
“သူတို့က နေ့စားနဲ့ ကြံခုတ်သွားကြတာ ကိုးကန့်ဒရုန်းက သူတို့နေရာကို ဗုံးကြဲတော့ အမေက ပွဲချင်းပြီး ဆုံးသွားတယ်။ သမီးအငယ်ဆုံး လွေးအမ်က ဒဏ်ရာ အပြင်းအထန် ရရှိသွားတယ်။ သမီးက သိန္နီဆေးရုံမှာ ဆိုပေမယ့် ရွာသားတွေလည်း မလိုက်သွားရဲတော့ သေလား ရှင်လားမသိဘူး”ဟု ဖြစ်စဉ်ကိုသိရှိသည့် မြေပြင် သတင်းရင်းမြစ်က ပြောသည်။
ထိုဖြစ်စဉ်တွင် ဒဏ်ရာပြင်းထန်သည့် သမီးဖြစ်သူကို MNDAA က သိန္နီဆေးရုံသို့ သယ်ဆောင်သွားခဲ့သည်။
သေဆုံးသွားသည့် အမေဖြစ်သူကိုမူ ရွာသူရွာသားများက သင်္ဂြိုဟ်ပေးခဲ့သည်။
မတ်လး ၁၇ ရက်တွင်မူ ကွတ်ခိုင်မြို့နယ်၊ မန်ပြိန်းကျေးရွာထဲသို့ ဝင်ရောက်လာသည့် MNDAA က မန်ပြိန်းရွာသူကြီး ဦးနိုင်ကိန်ကို ဖမ်းဆီးကာ ပစ်သတ်ခဲ့သည်။
ထိုသို့ ပစ်သတ်ပြီးနောက် သတင်းပေါက်ကြားမှု မရှိစေရန် ကိုးကန့်တပ်ဖွဲ့က ဒေသခံ ရွာသူရွာသားများကို အပြင်ထွက်ခွင့် ပိတ်ပင်ထားခဲ့သည်ဟု ကွတ်ခိုင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
တအာင်းတပ်ဖွဲ့ ထိန်းချုပ်ခဲ့သည့် ကွတ်ခိုင်မြို့ကို စတင် ထိုးစစ်ဆင်သည့်နေ့တွင်ပင် MNDAA တပ်ဖွဲ့ဝင်များက အရပ်သား ၂ ဦးကို ဖမ်းဆီးပြီး တောထဲခေါ်သွားကာ ပစ်သတ်ခဲ့သည့် ဗီဒီယိုဖိုင်တခုလည်း အွန်လိုင်းပေါ်တွင် ပြန့်နှံ့ခဲ့သည်။
ထိုဗီဒီယိုဖိုင်ပါ ဖြစ်ရပ်သည် မည်သည့်နေရာတွင် ဖြစ်ပွားသည်ကိုမူ စုံစမ်းနေဆဲ ဖြစ်သည်။
ယခုစာရင်းသည် သတင်းမီဒီယာပေါ်ရောက်ရှိလာသည့် ဖြစ်ရပ်များနှင့် လက်လှမ်းမှီသည့် ဖြစ်ရပ်များကိုသာ မဲခေါင်သတင်းဌာနက စုစည်းထားခြင်းဖြစ်ပြီး မြေပြင်တွင် ယခုထက် သေဆုံးထိခိုက်မှု ပိုမိုများပြားနိုင်သည်။
လက်ရှိတွင်၂ ဖက်တပ်ဖွဲ့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်နိုင်ရေး MNDAA ဌာနချုပ် လောက်ကိုင်တွင် ၂ ဖက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနေသည်မှာ ၃ ရက်မြောက်ရှိပြီဖြစ်သည်။
#MeKongNews
“TNLA
#ဒေသခံ
#MNDAA
#သတ်ဖြတ်








