မဲခေါင်၊ မတ် ၁၇
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်ရှိ ဆိုင်ခန်းနှင့် လူနေတိုက်ခန်းများအား ဖယ်ရှားခိုင်းခြင်းကြောင့် ဆိုင်ရှင်နှင့် နေထိုင်သူများ လက်ရှိတွင် အလျင်အမြန် ပြောင်းရွှေ့နေရပြီး လူနေမှုနှင့် စီးပွားရေးလုပ်ငန်းတွင် ကြီးမားသော အခက်အခဲများ ကြုံတွေ့နေကြရသည်။
ယင်းအဆောက်အဦများကို ယခုလ ၂၀ ရက်တွင် အပြီးဖယ်ရှားရန် စစ်ကောင်စီ အုပ်ချုပ်ရေးပိုင်းက အသိပေးထားပြီး အထူးသဖြင့် မူလအခန်းပိုင်ဖြင့် နေထိုင်လာသူများအတွက် ယခုလို အချိန်တိုအတွင်း အိမ်ဌားဘဝ ရောက်ရခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာနှင့် စီးပွားရေးပိုင်း အလွန် ထိခိုက်စေကြောင်း အခန်းပိုင်ရှင်များက ပြောသည်။
“ကျမတို့လို အဖြစ်ဆိုး မကြုံပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်။ နေ့ချင်းညချင်း အိမ်ပိုင်ဘဝကနေ အိမ်ဌားဘဝ ဖြစ်သွားတယ်၊ အိမ်ဌားခတွေကလည်း အရမ်းဈေးကြီးနေပြီး ကုန်ဈေးနှုန်းလည်း တက်နေတော့ ဘာလုပ်စားရမလဲ ဆိုတာတောင် မသိတော့ဘူး။ ဘဝတွေ ပျက်သွားသလို ခံစားရပါတယ်” ဟု အခန်းပိုင်ရှင် အမျိုးသမီးတစ်ဦးက မဲခေါင်သို့ ရင်ဖွင့်ပြောဆိုသည်။
ပြောင်းရွှေ့ရမည့် နေရာများအဖြစ် လူနေတိုက်ခန်းများကို အေးသာယာမြို့ရှိ မင်းကျန်စစ်အိမ်ရာ၊ စားသောက်ဆိုင်များကို အဝေရာ မီးပုံးပျံကွင်းအနီးနှင့် ကားပစ္စည်းဆိုင်များကို ညိုမီးဘက်ရှိ တည်ဆောက်ဆဲ ကားကြီးကွင်းအတွင်းသို့ ချထားပေးမည်ဟု သိရသည်။
သို့သော် ပြောင်းရွှေ့ရန် သတ်မှတ်ထားသည့် နေရာများမှာ လက်ရှိအချိန်အထိ အဆင်သင့် မဖြစ်သေးခြင်းကြောင့် လုပ်ငန်းရှင်များအတွက် နေရာရှာဖွေရန်နှင့် စီးပွားရေး ဆက်လက်လုပ်ကိုင်ရန် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။
“ပြောင်းရွှေ့ဖို့တော့ ပြောထားပေမယ့် တကယ်သွားနေဖို့ နေရာက အဆင်သင့် မဖြစ်သေးဘူး။ ဒီကြားထဲမှာ ကျနော်တို့ အလုပ်ရပ်သွားရင် ဝင်ငွေ မရှိတော့ဘူး၊ အရင်လို ဆက်လက် ရပ်တည်နိုင်မလားဆိုတာလည်း မသေချာတော့ဘူး။ ဒီအချိန်အတွင်း ဝင်ငွေမရှိရင် မိသားစုအတွက်ပါ ထိခိုက်လာနိုင်တယ်”ဟု ကားပစ္စည်း ဆိုင်ရှင်တစ်ဦးကလည်း ဆိုသည်။
ထို့ပြင် ဆိုင်ခန်းငှားခများလည်း မြင့်တက်နေခြင်းကြောင့် စားသောက်ဆိုင်များနှင့် လုပ်ငန်းရှင်များအတွက် ပြန်လည်စတင်ရန် ခက်ခဲနေပြီး အချို့မှာ ယာယီ ရပ်နားထားရကြောင်း သိရသည်။
အားကစားကွင်း ပတ်လည်တွင် ဆိုင်ခန်းနှင့် လူနေတိုက်ခန်း စုစုပေါင်း ၁၅၀ ကျော်ရှိပြီး အများစုမှာ ကားပစ္စည်းဆိုင်များ၊ စားသောက်ဆိုင်များနှင့် လူနေအဆောက်အဦများ ဖြစ်ကြသည်။
ထိုအဆောက်အဦများအား သတ်မှတ်ရက်အတွင်း မဖယ်ရှားပါက သက်ဆိုင်ရာ ဥပဒေအရ ဖယ်ရှားသွားမည်ဟု သတိပေးထားပြီး၊ ယင်းနေရာတွင် နိုင်ငံတကာအဆင့်မီ အားကစားဆိုင်ရာ အဆောက်အဦများ တည်ဆောက်ရန် စီစဉ်ထားကြောင်း သိရသော်လည်း အသေးစိတ် အချက်အလက်များကို မထုတ်ပြန်သေးပေ။
#MeKongNews
#တောင်ကြီးအားကစားကွင်း
#ဆိုင်ခန်း
#လူနေတိုက်ခန်း
#ဖယ်ရှားမှု








