မဲခေါင်၊ မတ် ၁၄
ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ အပါအဝင် နေရာ ၆ ခုထက်မနည်းရှိ တအာင်းတပ်မတော် -TNLA စခန်းများကို ကိုးကန့်တပ်ဖွဲ့ – MNDAA က ယနေ့နံနက်မှ စတင်ကာ တစ်ပြိုင်နက် တိုက်ခိုက်နေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
ကွတ်ခိုင် – မန်ပြိန်းအထက်ရှိ TNLA တပ်စခန်း အပါအဝင် ကွတ်ခိုင်မြို့အတွင်းသို့ နေရာ ၄ ခုထက်မနည်းကို MNDAA က လက်နက်ကြီး လက်နက်ငယ် အပါအဝင် ဒရုန်းများဖြင့် ထိုးစစ်ဆင်ပြီး တိုက်ခိုက်နေခြင်း ဖြစ်သည်။
“ကွတ်ခိုင်မြို့ထဲကို ဒရုန်းသီးတွေ ကျလာလို့ ထိခိုက်သူတွေရှိသလို နေအိမ်အချို့လည်း မီးလောင်နေတာရှိပါတယ်။ ကိုးကန့်တပ်က စစ်မျက်နှာ ၄ ခုထက်မနည်း ဖွင့်ပြီး တိုက်တာဖြစ်လို့ အခြေအနေ ပိုဆိုးလာနိုင်ပါတယ်” ဟု ရှမ်းမြောက်ရှိ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ထိုသို့ ကိုးကန့်တပ်က တိုက်ခိုက်လာခြင်းကြောင့် ကွတ်ခိုင်မြို့အတွင်း တအာင်းပညာရေးကောင်စီက ကျင်းပနေသည့် ၉ တန်း စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများလည်း ဖြေဆိုမှုတစ်ဝက်တပျက်ဖြင့် ရပ်နားခဲ့ရသည်ဟု သတင်းရင်းမြစ်က ပြောသည်။
ထို့ပြင် ကချင်လွတ်လပ်ရေးတပ်မတော် – KIA က ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာမြို့ရှိ TNLA အုပ်ချုပ်ရေးရုံးတခုကိုလည်း တစ်ပြိုင်နက်တည်း MNDAA က တိုက်ခိုက်ခဲ့သည်ဟုလည်း TNLA နှင့်နီးစပ်သည့် သတင်းရင်းမြစ်ကပြောသည်။
“နမ့်ဖက်ကာ TNLA အုပ်ချုပ်ရေးရုံးတစ်ခုကို ကိုးကန့်တပ်က ဒရုန်းနဲ့တိုက်ခိုက်တာ ရုံးအပေါ်ဖက်က ဒေသခံအိမ်ကိုထိပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရထားတယ်” ဟု သတင်းရင်းမြစ်ကပြောသည်။
ထိုသို့တိုက်ခိုက်ခြင်းကြောင့် ဒေသခံ၏ နေအိမ်သည်လည်း မီးလောင်သွားသည်ဟု သိရသည်။
ထို့အပြင် ညီနောင်မဟာမိတ် ၃ ဖွဲ့ ပူးပေါင်းထိန်းချုပ်ထားသည့် မူဆယ်မြိုနယ် ကျင်စန်းကျော့ကုန်သွယ်ရေးနယ်စပ်စခန်းတွင်လည်း TNLA အကောက်ခွန်မှ တာဝန်ရှိသူများနှင့် လုံခြုံရေးများကို MNDAA က ဝင်ရောက် ဖမ်းဆီးသွားသည်ဟု သိရသည်။
MNDAA သည် မဟာမိတ်ဖြစ်သည့် TNLA ကို ယနေ့မနက် ၁၀ နာရီမှ စတင်ကာ ၂ ဖက်တပ်ဖွဲ့ နယ်မြေထိစပ်သည့် နေရာစုံကို တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
“ကိုးကန့်တပ်နဲ့ တအာင်းတပ် နယ်မြေချင်းထိစပ်နေသည့် နေရာအားလုံးနီးပါးကို ကိုးကန့်ဖက်က တပြိုင်တည်း တချိန်တည်း လက်နက်ကြီး လက်နက်ငယ်၊ ဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်နေတဲ့ပုံစံကိုကြည့်ရင် မဟာမိတ်ပြဿနာကို လက်နက်နဲ့ဖြေရှင်းဖို့ အချိန်ယူပြီး ပြင်ဆင်ထားတဲ့ပုံစံလို့ မြင်ရပါတယ်” ဟု ရှမ်းမြောက် သတင်းရင်းမြစ်က ပြောသည်။
ထိုသို့ တိုက်ပွဲ ဖြစ်ပွားခြင်းကြောင့် ကိုးကန့်တပ်နှင့် တအာင်းတပ် ထိန်းချုပ်နယ်မြေကို ဆက်သွယ်ထားသည့် လားရှိုး အီနှိုင်းတံတားကိုလည်း ကိုးကန့်ဘက်မှ ပိတ်ထားလိုက်ပြီ ဖြစ်သည်။
လက်ရှိအချိန်တွင် ၂ ဖက်နယ်မြေထိစပ်ပြီး တိုက်ပွဲမဖြစ်သေးသည့်နေရာသည် သိန္နီ – နမ္မတူ နယ်စပ်နှင့် လားရှိုး – နမ္မတူ နယ်စပ်သာ ကျန်ရှိသည်။
ယခု တိုက်ပွဲဖြစ်ပွားနေမှုနှင့် ပတ်သက်ပြီး နှစ်ဖက်တပ်ဖွဲ့မှ တာဝန်ရှိသူများက သတင်းထုတ်ပြန်ခြင်း တစ်စုံတရာ မရှိသေးပေ။
#MeKongNews
#ကွတ်ခိုင်
#TNLA
#MNDAA
#ထိုးစစ်ဆင်








