မဲခေါင် ၊ ဖေဖော်ဝါရီ ၂၄
အွန်လိုင်းငွေလိမ်လည်မှု လုပ်ကိုင်နေသည့် တရုတ်ကျားဖြန့်၂၅ဦးကို ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည်ဟု စစ်ကောင်စီက ယနေ့တွင် သတင်းထုတ်ပြန်သည်။
ယင်းတရုတ်ကျားဖြန့်များကို ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ငန်းလုပ်ကိုင်ရာ၌ အသုံးပြုသည့် ပစ္စည်းများနှင့်အတူ လဲချားမြို့နယ် ဝမ်ပန်ကျေးရွာအုပ်စု နောင်လုံကျေးရွာနှင့် တပ်မောက်ကျေးရွာအနီးတွင်း ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု စစ်ကောင်စီကဆိုသည်။
နောင်လုံကျေးရွာအနီးရှိ တောတွင်းတနေရာတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေကြသည့် တရုတ်နိုင်ငံသား အမျိုးသား ၂၀ ဦးကို လုပ်ငန်းများလုပ်ကိုင်ရာတွင် အသုံးပြုသည့် အလျား ၈၀ ပေ၊ အနံ ၂၀ ပေရှိ လူနေအဆောက်အအုံ ၁ လုံး၊ အလျား ၈၀ ပေ အနံ၂၀ ပေရှိ အလုပ်ရုံအဆောက်အအုံ ၁ လုံး၊ အလျား ၅၀ ပေ၊ အနံ ၂၀ ပေရှိ ထမင်းစားဆောင် ၁ လုံး၊ ၁၀ ခန်းတွဲ အိမ်သာ ၁ လုံး၊ စတားလင့်အင်တာနက်ဗန်း ၂ ခု၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ထို့အတူ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင်ပင် လဲချားမြို့နယ်၊ တပ်မောက်ကျေးရွာအနီးတွင် တရားမဝင်တရုတ်နိုင်ငံသား ၅ ဦးအား တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် ပါဝင်ပတ်သက်သူများဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့အား ထပ်မံဖမ်းဆီးခဲ့သည်ဟု စစ်ကောင်စီကဆိုသည်။
ယခုဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား ကျားဖြန့်များသည် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ၊ ပန်ဆန်းမြို့၊ မိုင်းလားမြို့သို့ ဝင်ရောက်လာပြီး ယခုကျားဖြန့်လုပ်ကိုင်နေသည့် နေရာသို့ အဆင့်ဆင့်ရောက်လာသူများဖြစ်သည်ဟု စစ်ကောင်စီထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ယင်းဖမ်းဆီးရမိသူများကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး နောက်ကွယ်မှ ပါဝင်သူများကိုလည်း စိစစ်ဖော်ထုတ်ကာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီကဆိုသည်။
ယခု တရုတ်ကျားဖြန့်များကို ဖမ်းဆီးရမိသည့် လဲချားမြို့နယ် ဝမ်ပန်ကျေးရွာအုပ်စုသည် စစ်ကောင်စီတပ်၊ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များနှင့် ရှမ်းတပ်ဖွဲ့-SSPP တို့က လှုပ်ရှားနေသည့် နေရာဖြစ်သည်။
#MeKongNews
#လဲချား
#ကျားဖြန့်
#တရုတ်နိုင်ငံသား
#စစ်ကောင်စီ








