မဲခေါင်၊ ဖေဖော်ဝါရီ ၈
ဟိုပုံးမြို့နယ်၊ ညောင်ပင်ကျေးရွာ မြေယာကိစ္စနှင့် ပတ်သက်၍ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် – PNLO ၏ အမည်နှင့် အမှတ်အသားကို အလွဲသုံးစားပြုလုပ်ကာ သတင်းတု၊ သတင်းမှားများကို ပအိုဝ်းပြည်သူ့စစ် PNO က ဖြန့်ဝေနေကြောင်း PNLO က မဲခေါင်သို့ ရှင်းလင်း ပြောကြားသည်။
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ဟိုပုံးမြို့နယ်ရှိ ညောင်ပင်ကျေးရွာ မြေပိုင်ဆိုင်မှုကိစ္စတွင် PNLO ၏ အမှတ်အသားကို အသုံးပြု၍ ညောင်ပင် ရွာသူ၊ ရွာသားများ မြေပိုင်ဆိုင်မှု ပြန်လည်ရရှိရေးအတွက် နာမည်ကြီး ပအိုဝ်းအဆိုတော် ခွန်နွောင်လို့က PNLO နှင့် ပူးပေါင်းဆောင်ရွက်မည်ဆိုကာ PNO က လုပ်ကြံသတင်းများ ဖြန့်ဝေနေခြင်းနှင့် ပတ်သက်၍ မဟုတ်မှန်ကြောင်း PNLO ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ရှင်းပြသည်။
“အဲဒီ ပေ့ချ်က PNO ပေ့ချ်ပါ၊ သူတို့ လျှောက်ရေးနေတာပါ။ အမှန်က အဲဒီမြေတွေကို စစ်တပ်က ၁၉၉၂ မှာသိမ်းပြီး ၂၀၁၅ မှာ ပအိုဝ်းကိုယ်ပိုင်အုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ခွန်စံလွင်ဆီ ပြန်လွှဲပေးထားတာ တစ်နည်းပြောရရင် PNO ကို ပြန်လွှဲပေးထားတာကို ပြည်သူတွေဆီ ပြန်မပေးဘဲ PNO က သိမ်းထားတာ။ အဲဒါကို ကျနော်တို့ PNLO အဖွဲ့ နာမည်ပျက်အောင် တမင်တကာ လျှောက်လုပ်နေတာပါ” ဟု ၎င်းက ဆိုသည်။
ဖြစ်စဉ်မှာ ၁၉၉၂ ခုနှစ်တွင် စစ်တပ်က ညောင်ပင်ကျေးရွာ မြေများကို သိမ်းဆည်းခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် စစ်တပ်က ယင်းမြေများကို မူလပိုင်ရှင်များထံ ပြန်ပေးရန် PNO ဥက္ကဋ္ဌ ခွန်စံလွင် ဦးဆောင်သည့် ဒေသဦးစီးအဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည်ကို မူလပိုင်ရှင်များထံ မြေများ ပြန်မပေးဘဲ သိမ်းဆည်းထားသည့် အပြင် ယင်းကိစ္စမှာ PNLO ကြောင့် ဖြစ်သယောင် သတင်းမှားများ ဖြန့်ချိနေခြင်းဖြစ်သည်ဟု ဆိုသည်။
ယင်းမြေမှာ ၁၉၉၂ ခုနှစ်ကတည်းက သိမ်းယူခံခဲ့ရသည့် ဒေသခံ ပအိုဝ်းတိုင်းရင်းသားများ နှစ်ပေါင်းများစွာ အခြေချ နေထိုင်လာသည့် နေရာဖြစ်သည်။
ယခုအခါ ညောင်ပင်ကျေးရွာရှိ အိမ်ခြေ ၂၇၀ အား ဇန်နဝါရီ ၂၉ ရက်တွင် အပြီးဖယ်ရှားပေးရန် PNO မြေပွဲစားများက ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရွာသားများသည် ရှေ့နေများ၏ အကူအညီဖြင့် တရားဥပဒေနှင့် အညီ ဖြေရှင်းနိုင်ရန် ကြိုးပမ်းလျက် ရှိသည်။
#MeKongNews
#မြေယာ
#ပြဿနာ
#PNLO အမည်
#အကောင့်တု
#PNO
#သတင်းမှား








