မဲခေါင်၊ ဖေဖော်ဝါရီ ၇
စစ်မှုထမ်းလူသစ်များကို သင်တန်းပေးနေသည့် ကျောင်းများထဲမှ တစ်ကျောင်းဖြစ်သည့် ဟိုပုံးမြို့ စစ်တပ်ကွန်ပြူတာနှင့် နည်းပညာသိပ္ပံကျောင်း၏ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သန့်ထင်စိုးမှာ ဗိုက်ပူနေသည့်အတွက် စစ်ကောင်စီဝါဒဖြင့် မီဒီယာများဖြစ်သည့် မြန်မာ့အလင်း၊ ကြေးမုံနှင့် Global New Light of Myanmar တို့တွင် အသုံးမပြုရန် ညွှန်ကြားခံရကြောင်း စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။
ဖေဖော်ဝါရီလ ၆ရက်က စစ်ကောင်စီ၏ စစ်မှုထမ်းလူသစ် အပတ်စဉ် (၁၉) သင်တန်းဆင်းပွဲများ ကျင်းပရာ ကျောင်းအုပ်ကြီးအချို့မှာ ဗိုက်ပူနေသည့်အတွက် ဓာတ်ပုံမသုံးရန် ညွှန်ကြားခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ဗိုက်ပူတဲ့ကျောင်းအုပ်ကြီးတွေပုံ မသုံးနဲ့ပေါ့ဗျာ။ သိက္ခာကျလို့ပေါ့။ အဲဒီထဲမှာ ဟိုပုံးကျောင်းအုပ်ကတော့ ဘိုင်နိမ်း (အမည်တပ်) နဲ့ကို ညွှန်ကြားခံရတယ်။ အဲဒီကျောင်းအုပ်ဗိုက်ပူနေတယ်။ ပုံမသုံးနဲ့ပေါ့။ ဒီနေ့သတင်းစာတွေထဲ ကြည့်လိုက်ပါလား၊ ကျောင်းအုပ်ကြီးတွေပုံ တစ်ပုံမှ မပါဘူး” ဟု ၎င်းက ပြောသည်။
ယနေ့ ဖေဖော်ဝါရီလ ၇ရက်ထုတ် စစ်ကောင်စီဝါဒဖြန့် သတင်းစာများတွင် စစ်မှုထမ်း အပတ်စဉ် (၁၉) သင်တန်းဆင်းပွဲ သတင်း ဖော်ပြသော်လည်း ကျောင်းအုပ်ကြီးများပုံမပါဘဲ တပ်သားသစ်များ၏ ဓာတ်ပုံများကိုသာ ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်။
ဟိုပုံး ကျောင်းအုပ်ကြီးနည်းတူ ကျိုင်းတောင်းမြို့အခြေစိုက် တတက (၃) ကျောင်းအုပ်ကြီးမှာလည်း ဗိုက်ပူသည့်အတွက် ဓာတ်ပုံ အသုံးမပြုရန် ညွှန်ကြားခံရကြောင်း သိရသည်။
ဟိုပုံးကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သန့်ထင်စိုးသည် ၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA ထံတွင် လက်နက်ချ အညံ့ခံပြီး ပြန်လည်လွတ်မြောက်လာသူဖြစ်ပြီး လက်ရှိတွင် ကုန်တင်ကားများထံမှ လာဘ်စားမှု၊ တပ်တွင်းလာဘ်စားမှုများဖြင့် နာမည်ဆိုးထွက်နေသူတစ်ဦးလည်း ဖြစ်သည်။
#MeKongNews
#ဟိုပုံး
#ဗိုလ်မှူးချုပ်သန့်ထင်စိုး
#ဗိုက်ပူ
#သတင်းစာ








