မဲခေါင်၊ ဖေဖော်ဝါရီ ၆
.
“ဝ” တပ်ဖွဲ့ – UWSA ထိန်းချုပ်ရာ မိုင်းပေါက်မြို့တွင် ဓားပြတိုက်၍ လူသတ်မှု ကျူးလွန်ခဲ့သည့် အ မျိုးသား ၃ ဦးကို ယနေ့နံနက်ပိုင်းတွင် သေဒဏ် ပေးလိုက်ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
ပြစ်မှုကျူးလွန်သူ ၃ ဦးအား မိုင်းပေါက်မြို့၌ လူထုရှေ့မှောက်တွင် သေဒဏ်စီရင်ချက် ဖတ်ကြားခဲ့ပြီးနောက် မြို့ပြင်သို့ ခေါ်ဆောင်ကာ သေနတ်ဖြင့် ပစ်ခတ် ကွပ် မျက်ခဲ့ခြင်း ဖြစ်သည်။
“ပြစ်မှုကျူးလွန်သူတွေက အသက်အရွယ် ငယ်ရွယ်သေးတဲ့ လူငယ်တွေဖြစ်လို့ စိတ်မကောင်း ဖြစ်ရပါတယ်။ အမိန့်စီရင်တာကိုတော့ လူထုရှေ့မှာပဲ လုပ်ခဲ့တာပါ။ ကွပ်မျက်တာကိုတော့ မြို့ပြင်ကို ကားနဲ့ခေါ်သွားပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ ကျနော်တို့ကတော့ စီရင်ချက် ဖတ်တဲ့နေရာအထိပဲ သွားခဲ့တာပါ။ ဓားပြတိုက်ပြီး လူသတ်မှုကျူးလွန်ခဲ့တာကြောင့် သေဒဏ်ပေးတာလို့ သိရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယင်းအမျိုးသား ၃ ဦးအား သေ ဒဏ်စီရင်ခဲ့မှုကို “ဝ” ဒေသအခြေ စိုက် သတင်းဌာနတစ်ခုဖြစ်သည့် WNL ကလည်း ဖော်ပြထားပြီး၊ သေဒဏ်ပေး လိုက်သည်မှာ မှန် ကန်ကြောင်း တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောဆိုထား သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကလည်း “ဝ” တပ်ဖွဲ့ ထိန်းချုပ်ရာ ဟိုပန်မြို့တွင် လူသတ်မှု ကျူးလွန်သူ တစ်ဦးကို ယခုကဲ့သို့ပင် သေ ဒဏ်ပေးခဲ့ဖူးသည်။
UWSA နှင့် MNDAA ထိန်းချုပ်ရာဒေသများတွင် လူသတ်မှု ကျူး လွန်သူများကို လူထုရှေ့၌ အမှုစီရင်ချက် ဖတ်ကြားကာ သေ ဒဏ်ပေးလေ့ရှိသည်။
#MeKongnews
#မိုင်းပေါက်
#ဓားပြတိုက်
#လူသတ်မှု
#ကျူးလွန်သူ
#UWSA
#သေဒဏ်ပေး








