မဲခေါင်၊ ဖေဖော်ဝါရီ ၄
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းဒေသတွင်၊ တံမြက်စည်း စျေးကောင်းရသောကြောင့် တံမြက်စည်းပင် ရှာဖွေပြီး ခုတ်ရောင်းသူ များပြားလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
တံမြက်စည်းအပင် အစို ၃၆ လက်မ တစ်ထုံးကို ၁၅၀၀၀ကျပ်၊ တစ်ပိဿာလျှင် ၁၂၀၀ ကျပ်ဖြင့် ရောင်းချကြပြီး ရန်ကုန်နှင့် မန္တလေးဘက်မှ ပွဲစားများက လာရောက် ဝယ်ယူကြကြောင်း ဒေသခံများက ပြောသည်။
“ခုလို နွေရာသီက ဒီဘက်မှာ အလုပ်အကိုင် ရှားတယ်။ အဲဒါကြောင့် ဒေသခံတွေက တံမြက်စည်းရှာပြီး ဝင်ငွေရှာသူ များကြတယ်။ ခုနှစ်က ဈေးကောင်းလည်း ရတော့ ဒေသခံတွေအတွက် စားဝတ်နေရေး တစ်ခဏ အဆင်ပြေစေတာပေါ့။ အဓိကတော့ ဒီပေါင်းလောင်းမြစ်ဘေးနဲ့ ပေါင်းလောင်းတောင်တန်းတွေ တစ်လျှောက် ရှာဖွေခုတ်ကြ တယ်။ တချို့ဆို ညအိပ်ပြီးတော့ ရှာခုတ်ကြတယ်”ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
ပွဲစားများက တံမြက်စည်းပင် အခြောက်နှင့် အစိုဟူ၍ ၂ မျိုးဝယ်ယူပြီး ဒေသခံများမှာ ငွေလိုအပ်ချက် များကြသောကြောင့် ခုတ်ပြီး အခြောက်မလှန်းတော့ဘဲ အစိုအတိုင်းသာ ရောင်းချသူ များကြကြောင်း ၎င်းက ဆက်ပြောသည်။
ပေါင်းလောင်းဒေသတွင် ငါးဖမ်းခြင်းနှင့် နနွင်း၊ ကုလားအော်ငရုတ်များကို အဓိကစိုက်ပျိုးကြပြီး ဒေသထွက်ကုန်များ ဈေးမရှိခြင်းတို့ကြောင့် ဒေသခံများလည်း ကြုံရာကျပန်း လုပ်ကိုင်နေကြရကြောင်း ဆိုသည်။
#MeKongnews
#MeKongnews
#ပင်လောင်း
#တံမြက်စည်းပင်
#ဈေးကောင်းရ
#ရှာဖွေ
#များပြား








