မဲခေါင်၊ ဖေဖော်ဝါရီ ၁
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ – NUCC အနေဖြင့် အဖွဲ့အစည်း အချို့ ယာယီရပ်ဆိုင်းမှုများ ရှိခဲ့သော်လည်း အဖွဲ့ဝင်အဖြစ် အဆိုပြုထားသည့် အဖွဲ့အစည်း ၁၇ ဖွဲ့အထိ ရှိနေပြီး တော်လှန်ရေးတွင် အားကောင်းသည့် အဖွဲ့အစည်းအဖြစ် ရှိနေမည်ဖြစ်ကြောင်း NUCC က ပြောကြားလိုက်သည်။
NUCC ၏ ၂၀၂၅ ခုနှစ်အတွက် ပြည်သူသို့အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲကို ယနေ ့ဖေဖော်ဝါရီ ၁ ရက်တွင် ထိုင်းနိုင်ငံ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
NUCC တွင် ကရင်အမျိုးသားအစည်းအရုံး – KNU ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ – KNPP နှင့် အဖွဲ့အစည်းအချို့ပါဝင်မှု ယာယီ ရပ်နားခဲ့ခြင်းများ ရှိခဲ့သော်လည်း တော်လှန်ရေးအတွက် အားကောင်းသည့်အဖွဲ့ အဖြစ် ရပ်တည်နေမည် ဖြစ်ကြောင်း ကောင်စီအဖွဲ့ဝင် ဦးတိုးကျော်လှိုင်က ပြောသည်။
အဖွဲအစည်း အချို့ ယာယီရပ်ဆိုင်းခဲ့ခြင်း ရှိသော်လည်း တော်လှန်ရေးအတွက် ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း ကော်စီအဖွဲ့ဝင် ဒေါ်နှင်းနှင်းမွှေးကလည်း ဆိုသည်။
“NUCC မှာ ပါဝင်မှုကနေ မပါဝင်တော့တာပဲ ဖြစ်ဖြစ် ယာယီရပ်ဆိုင်းတာပဲ ဖြစ်ဖြစ် ကျမတို့ အားလုံးရဲ့ ကြားထဲမှာတော့ နိုင်ငံရေးအရ စည်းနှောင်မှုကတော့ ရှိနေဆဲလို့ ကျမ အဲလို ယုံကြည်ပါတယ်” ဟု ၎င်းက ပြောသည်။
NUCC အနေဖြင့် မီဒီယာနှင့်ဆက်သွယ်ရေး အားနည်းခဲ့ခြင်းကြောင့် တော်လှန်ရေး အင်အားစုများနှင့် ပေါင်းစပ် ညှိနှိုင်းမှုများကို ပြည်သူလူထုက သိနိုင်ရန် ခက်ခဲပြီး ဝေဖန်မှုများနှင့် ကြုံတွေခဲ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့နောက် ၂၀၂၆ ခုနှစ်အတွက် အရေးကြီး လုပ်ငန်းစဥ်အဖြစ် တတိယအကြိမ် ပြည်သူ့ညီလာခံ ကျင်းပနိုင်ရေး ဦးစားပေး လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
“၂၀၂၆ မှာ အဓိက NUCC က လက်ဆုပ်လက်ကိုင် ပြနိုင်မယ့် အောင်မြင်မှုတွေ အနေနဲ့ လက်ရှိရေးနေတဲ့ ဖက်ဒရယ် အသွင်ကူးပြောင်းရေး အစီအမံများဆိုင်ရာ အခြေခံဥပဒေ AFTA ကို ကျွန်တော်တို့ ၂၀၂၆ ပထမနှစ်ဝက်လောက် အတွင်းမှာ ပြီးအောင် ရေးဖို့ရှိပါတယ်” ဟု ဦးတိုးကျော်လှိုင်က ပြောသည်။
ထို့ပြင် စစ်အုပ်စု ရွေးကောက်ပွဲအား ဆန့်ကျင်ရန်နှင့် ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် စစ်တစ်ပိုင်းအစိုးရကို အသိအမှတ်မပြုဘဲ မြန်မာပြည်သူများအား ကာကွယ်နိုင်ရေးအတွက် လူသားချင်း စာနာမှုဆိုင်ရာများ အကူအညီပေးရေးနှင့် နည်းပညာဆိုင်ရာ အကူအညီပေးရန် ကုလသမဂ္ဂ၊ နိုင်ငံတကာ အစိုးရအဖွဲ့အစည်းများနှင့် အာဆီယံ တို့ကို NUCC က တိုက်တွန်း တောင်းဆိုခဲ့သည်။
#MeKongNews
#အဖွဲ့ဝင်သစ်များ
#ပူးပေါင်း
#တော်လှန်ရေး
#အဖွဲ့အစည်း
#NUCC
#ကတိပြု








