မဲခေါင်၊ ဖေဖော်ဝါရီ ၁
ရှမ်းပြည်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ ကျားဖြန့် အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများအား လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီသတင်းအရ သိရသည်။
ယင်းကျားဖြန့်များကို ဇန်နဝါရီ ၂၉ ရက် ညနေ ၅ နာရီခွဲခန့်တွင် ကာလိမြို့အပိုင်၊ ကျိုင်းလွန်းကျေးရွာအုပ်စု၊ ဝမ်နမ့်မင်းကျေးရွာ၏ တောင်ဘက် မီတာ ၅ ထောင်ဝန်းကျင်အတွင်း ဖမ်းမိခဲ့ကြောင်း သိရသည်။
ယင်းဖမ်းဆီးမိမှုများတွင် ဝမ်နမ့်ကျေးရွာမှ တောင်ဘက်မီတာ ၅၀၀ အကွာတွင် အွန်လိုင်း လိမ်လည်မှု ဆက် စပ်ပစ္စည်းများနှင့် လူနေတဲများ၊ အရှေ့တောင်ဘက် မီတာ ၁၀၀၀ အကွာ၌ ကျားဖြန့် တရုတ်၅ ဦးနှင့် ပစ္စည်းများ၊ အရှေ့ဘက် မီတာ ၃၀၀၀ အကွာ၌ ကျားဖြန့်တရုတ် ၄၀ ဦးနှင့် ပစ္စည်းများ၊ အရှေ့တောင်ဘက် မီတာ ၅၀၀၀ ၌ ကျားဖြန့်၇ ဦးနှင့် ပစ္စည်းများကို အသီးသီးတွေ့ရှိ ဖမ်းဆီးမိခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်များကို ပေ ၁၀၀ x ပေ ၃၀ မိုးကာတဲ အလုပ်ရုံကြီး ၃ ရုံ၊ ၁၅ပေပတ်လည် လူနေလုံးချင်း ၉ လုံး၊ ထမင်းစားဆောင်တစ်လုံး၊ ဂိုထောင်တစ်လုံး၊ လူနေတဲ ၁၄ လုံး၊ မီးစက်တဲ တစ်လုံး၊ ကင်းစောင့်တဲ ၃ လုံး၊ လူနေ ၂ ထပ်ဆောင် ၂ လုံး၊ လူနေအိပ်ဆောင် ၃ လုံးနှင့် မီးစက်ကြီး ၂ လုံးတို့ကို တွေ့ရှိသိမ်းဆည်းမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံမှ ဖမ်းဆီးရမိသည့် ကျားဖြန့်များအနက် ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၏ အချမ်းသာဆုံး မြီမိသားစုဝင် ၂ ဦးအပါအဝင် ၁၁ ဦးကို တရုတ်အစိုးရက ကျားဖြန့်အွန်လိုင်း ငွေလိမ်လုပ်ငန်း အပါအဝင် လူသတ်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ လောင်းကစားရုံ ဖွင့်လှစ်မှုတို့ဖြင့် ဇန်နဝါရီ ၂၈ ရက် နံနက် ၈ နာရီတွင် သေဒဏ်စီရင် ပြီးစီးကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်း၌ ဖော်ပြခဲ့သည်။
#MeKongNews
#ကွန်ဟိန်း
#တရုတ်
#ကျားဖြန့်
#စစ်ကောင်စီ
#ဖမ်းဆီး








