မဲခေါင်၊ ဇန်နဝါရီ ၃၀
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ နောင်နွန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဝန်ထမ်းမဟုတ်သူများကို လူငှားဖြင့် ဖြတ်သန်းသွားလာနေသည့် ကားများထံမှ ငွေတောင်းခိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းစစ်ဆေးရေးဂိတ်တွင် တာဝန်ကျအဖွဲ့ထဲမှ ဝန်ထမ်းမဟုတ်ဘဲ ငွေတောင်းခံနေသူများလည်းရှိပြီး ဇန်နဝါရီလ ၂၅ရက်ညတွင်မူ သစ်တောဝန်ထမ်းတစ်ဦးက အမူးလွန်ကာ ငွေတောင်းခံကြောင်း သိရသည်။
“ငွေတောင်းတဲ့နေရာမှာလည်း ခြိမ်းခြောက်ပြီး မတရားတောင်းတာ။ ညဘက်ဆိုရင် ဖဲဝိုင်းပါထောင်သေးတယ်။ ညပိုင်းဖဲရှုံးရင် လာသမျှကားတွေကို အဆင်ပြေပြေ၊ မပြေပြေ ပိုက်ဆံပေးရမယ်။ မပေးရင် မင်းကားလိုင်စင်ရှိလား၊ မရှိရင် အဖွဲ့စုံနဲ့ စစ်ဆေးမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ယိုးဒယား (ထိုင်း) ကုန်စည်သယ်တဲ့ကားတွေရော၊ ခရီးသည်တင်ကားတွေရော အကုန်တောင်းတာ။ တာဝန်ရှိသူတွေကလည်း အရေးယူတာမရှိတော့ ဘယ်ကိုတိုင်ရမလဲ မသိတော့ဘူး” ဟု ယင်းဂိတ်အကြောင်း သိရှိသူတစ်ဦးက ပြောသည်။
ထို့ပြင် ဇန်နဝါရီ ၂၅ ရက်နေ့က တာဝန်ကျခဲ့သည့် ဝန်ထမ်းအချို့မှာလည်း အမူးလွန်နေပြီး လာသမျှကားများကို ရစ်ပတ်စစ်ဆေးမှုများ ပြုလုပ်နေသော်လည်း တစ်စုံတစ်ရာ ထိန်းသိမ်းမည့်သူ မရှိကြောင်း သိရသည်။
နောင်နွန်းပူးပေါင်းစစ်ဆေးရေးဂိတ်သည် တာချီလိတ်ဘက်မှ ကျိုင်းတုံမြို့သို့အဝင် အဓိကဂိတ်ဖြစ်ပြီး ဌာနဆိုင်ရာစုံ ပူးပေါင်းစစ်ဆေးသည့် ဂိတ်တစ်ခုလည်း ဖြစ်သည်။
ယခုကဲ့သို့ ပြင်ပလူကို ငှားရမ်းကာ ငွေညှစ်ခိုင်းနေမှုအပေါ် ခရီးသွားပြည်သူများနှင့် ကုန်ကားသမားများက ညည်းညူနေကြရသည်။
#MeKongNews
#ကျိုင်းတုံ
#နောင်နွန်းဂိတ်
#မူးယစ်တပ်ဖွဲ့
#ငွေတောင်း








