တာချီလိတ်၊ ဇန်နဝါရီ ၂၉
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (က) အုပ်စု၊ ဆီဝန်းထောင်းကျေးရွာအနီးရှိ ရာဘာခြံအတွင်း ကျပ်သိန်းပေါင်း ၆၀,၀၀၀ ကျော် တန်ဖိုးရှိသော စိတ်ပြောင်းဆေးဝါး (ကတ်တမင်း) နှင့် အိုက်စ် (Ice) မူးယစ်ဆေးဝါးများကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။
ဇန်နဝါရီ ၂၉ ရက်၊ ညနေ ၄ နာရီခန့်တွင် ဆီဝန်းထောင်းကျေးရွာအနီးရှိ ရာဘာခြံအတွင်း စောင့်ဆိုင်းနေသည့် လုံခြုံရေးအဖွဲ့နှင့်ကျောပိုးအိတ်များ လွယ်ဆောင်လာသည့် အမျိုးသား ၁၀ ဦးခန့်ကို တွေ့ရှိသဖြင့် စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ကြောင်း၊ ကျောပိုးအိတ်သယ်ဆောင်လာသူများက အိတ်များကို ပစ်ချ၍ ထွက်ပြေးသွားကြသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ စိုင်းအောင်ခမ်း ဆိုသူအား လုံးထွေးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်အတွင်း အခင်းဖြစ်နေရာတွင် ပြန့်ကျဲနေသော အိတ်များအတွင်းမှ တရုတ်လက်ဖက်ခြောက်အိတ်များဖြင့် ထုပ်ပိုးထားသည့် အလေးချိန် ၃၅၀ ကီလိုဂရမ်ရှိ ကတ်တမင်းများ၊ ရွှေအိုရောင် တရုတ်လက်ဖက်ခြောက်အိတ်များဖြင့် ထုပ်ပိုးထားသည့် အလေးချိန် ၃၅၇ ကီလိုဂရမ်ရှိ အိုက်စ်များနှင့် အီတလီနိုင်ငံထုတ် PIETRO BERETTA ပစ္စတိုသေနတ် ၁ လက်နှင့် ကျည် ၁၄ တောင့်တို့ကို ဖမ်းဆီးရမိကြောင်း သိရသည်။
ဖမ်းမိ မူးယစ်ဆေးဝါးများ၏ စုစုပေါင်း တန်ဖိုးမှာ ကျပ်သိန်းပေါင်း ၆၀,၀၆၀ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ခန့်မှန်းထားသည်။
ဖမ်းဆီးရမိသူ စိုင်းအောင်ခမ်း၏ ထွက်ဆိုချက်အရ ယင်းမူးယစ်ဆေးဝါးများကို ကျိုင်းတုံမြို့နေ အိုက်သား ဆိုသူက မဲခေါင်မြစ်ကမ်းစပ်သို့ သယ်ဆောင်ခိုင်းခြင်းဖြစ်ကြောင်းနှင့် သယ်ဆောင်သူ ၁၀ ဦးအနက် ၎င်း၏ဖခင်ဖြစ်သူ အိုက်နွန်း လည်း ပါဝင်ကြောင်း သိရှိရသည်။
ပူးပေါင်းအဖွဲ့သည် ပါခါကျေးရွာရှိ အိုက်နွန်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ အိုက်နွန်းအား တွေ့ရှိရပြီး နေအိမ်ရှေ့တွင် ရေစိုနေသည့် ဖိနပ်တစ်ရံနှင့် ဆေးဝါးအိတ်များ သယ်ဆောင်ရာတွင် အသုံးပြုသည့် စောင်များကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် ယင်းဆေးဝါးများသည် ပါခါကျေးရွာနေ အိုက်နွန်း (ခ) အိုက်ခမ်းနွန်း ၏ ပစ္စည်းများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်း၏နေအိမ်ကို ထပ်မံရှာဖွေရာ ပိုင်ရှင်ဖြစ်သူမှာ တိမ်းရှောင်နေသဖြင့် ၎င်း၏ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း မိတ္တူများကိုသာ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
လက်ရှိတွင် ဖမ်းဆီးရမိထားသည့် စိုင်းအောင်ခမ်းနှင့် အိုက်နွန်းတို့ကို ဝမ်ပုံနယ်မြေရဲစခန်း၌ အသေးစိတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
#MeKongNews
#တာချီလိတ်
#မူးယစ်ဆေးဝါး
#ကတ်တမင်း
#စိုင်းအောင်ခမ်း








