မဲခေါင်၊ ဇန်နဝါရီ ၂၆
ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲ၊ ဖယ်ခုံဒေသများနှင့် ကရင်နီပြည် စစ်ရှောင်စခန်းများတွင် ရိက္ခာပြတ်လပ်မှု အခြေအနေ ဆိုးရွားလျက်ရှိကြောင်း ပံပိုးကူညီနေသည့် အဖွဲ့များထံမှ သိရသည်။
စစ်ဘေးရှောင် ကာလ ရှည်ကြာလာသည် နှင့်အမျှ ယခုကဲ့သို့ ရိက္ခာပြတ်လပ်မှု ကြုံလာရကြောင်း စစ်ရှောင် ကူညီနေသူများထံမှ သိရသည်။
ရှမ်းတောင်နှင့် ကရင်နီတွင် စစ်ရှောင် အိမ်ထောင်စုပေါင်း ၅ ထောင်ကျော်ရှိပြီး အများဆုံး စခန်းတွင် အိမ်ထောင်စု ၅၀၀ ခန့်အထိ ရှိနေသည်ဟု အမှတ် – ၁၀၀၉ အင်းလေး IPDF တပ်ရင်းမှ အင်းသွေးနီက မဲခေါင်သို့ ပြောသည်။
“တပ်ဖွဲ့က လိုအပ်ချက် များပေမယ့် ပြည်သူတွေ လိုအပ်ချက်နဲ့ ခက်ခဲနေတာတွေ မြင်ရတော့ ဒီတိုင်းကြည့်နေလို့ မရဘူး။ တိုက်ရင်းကူညီ ကူညီရင်းတိုက်နဲ့ ပြည်သူကို ကူညီနေပါတယ်”ဟု ၎င်းက ပြောသည်။
ဆီဘူး၊ ဖယ်ခုံဘက်များရှိ စစ်ရှောင်စခန်းများတွင် ရိက္ခာမရှိရုံ သာမက မိုးကာတဲများပင် မရှိကြဟု ဆိုသည်။
စစ်ရှောင်များသို့ ကူညီနေသည့် Dove KK အဖွဲ့အနေဖြင့်လည်း ယခုလအတွင်း ဆီ၊ ဆန်ရိက္ခာ ကူညီနိုင်မှု ၄ နေရာသာ သွားနိုင်သေးပြီး ဆန်ရိက္ခာ ပြတ်လပ်နေမှုကြောင့် အကူညီလာတောင်းထားသည့် စစ်ရှောင် စခန်း ၂၂ ခုကျန် နေသေးသည်ဟု ပြောသည်။
ကရင်နီပြည်၊ ဖရူဆို၊ ရွှေညောင်ကုန်း စစ်ရှောင်စခန်းမှာ ဆန်ပြတ်လပ်မှုကြောင့် စစ်ဘေးရှောင်အများစု ချေးငှားစားနေရပြီး အများစုမှာ ဆန်ပြုတ်ပင် တစ်နပ်စာသာ စားနေရသည်ဟု သိရသည်။
“လတ်တလော လိုအပ်နေတာက ဆန်နဲ့ဆီပဲ”ဟု စခန်းနေသူတစ်ဦးက ပြောသည်။
ယင်းရွှေညောင်ကုန်း စစ်ဘေးရှောင်စခန်းမှာ အိမ်ခြေ ၇၃ အိမ်ရှိပြီး၊ လူဦးရေ ၂၀၀ ကျော် ရှိကြောင်းသိရသည်။
ကရင်နီ စစ်ရှောင် ပြည်သူများမှာ စစ်ဘေးရှောင်ကာလ ကြာလာသည်နှင့်အမျှ စားနပ်ရိက္ခာ ရှားပါး ပြတ်လပ်နေပြီဟု စစ်ရှောင် ကူညီနေသည့် Job for kayah အဖွဲ့က ပြောသည်။
ယခုတစ်လတည်းမှာပင် Jobs For Kayah အဖွဲ့ထံ စားနပ်ရိက္ခာအတွက် အကူအညီ တောင်းခံလာသည့် စစ်ရှောင်စခန်းပေါင်း ၃၃ ခု အထိရှိလာသည်ဟု ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၃၊ ၂၀၂၄ ခုနှစ်များအတွင်း လူမှုအသင်းအဖွဲ့များထံမှ ကူညီထောက်ပံ့မှုများ ရရှိခဲ့ကြသော်လည်း စစ်ဘေးရှောင်ကာလ ကြာလာသည်.နှင့်အမျှ ၂၀၂၅ ခုနှစ် နောက်ပိုင်းတွင် အကူအညီရရှိမှု နည်းပါးလာသည်ဟု သိရသည်။
လယ်ယာစိုက်ပျိုးရေးနှင့် အခြားအလုပ်အကိုင် အခွင့်အလမ်းများ မရှိတော့သည့် စစ်ဘေးရှောင် ပြည်သူများမှာ အလှူရှင် အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့ခြင်းကို အားထားနေရပြီး ကူညီပံ့ပိုး ပေးနိုင်သည့် အဖွဲ့အစည်းများမှာလည်း ရန်ပုံငွေရှာဖွေနိုင်မှု နည်းလာခြင်း၊ အလှူရှင် လျော့နည်းလာခြင်း စသည့် အခက်အခဲများကြောင့် စစ်ရှောင်ပြည်သူများကို ယခင်ကဲ့သို့ ထောက်ပံ့မှု မပေးနိုင်ကြတော့ဟု စစ်ဘေးရှောင် ကူညီရေးအဖွဲ့များက ပြောသည်။
#MeKongNews
#ရှမ်းတောင်
#စစ်ရှောင်
#ရိက္ခာပြတ်လပ်မှု
#ဆိုးရွား
Photo Credit – Dove KK & IPDF








