မဲခေါင်၊ ဇန်နဝါရီ ၂၄
ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ မြိုင်ကျေးရွာအုပ်စု မြေနီကုန်းရွာ အုပ်ချုပ်ရေးမှူး သတ်ဖြတ်ခံရပြီးနောက် စစ်ကောင်စီတပ်သားများ ကျေးရွာထဲ လာရောက်တပ်စွဲ နေထိုင်ပြီးနောက် တိုက်ပွဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက် ညတွင် အုပ်ချုပ်ရေးမှူး နေအိမ်အထိ အမည်မသိ လက်နက်ကိုင်အဖွဲ့က လာရောက် သတ်ဖြတ်ခဲ့ပြီးနောက် ဇန်နဝါရီ ၂၂ ရက်တွင် မြေနီကုန်းကျေးရွာအနီး တိုက်ပွဲစတင် ဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။
“အုပ်ချုပ်ရေးမှူး အသတ်ခံရပြီး စစ်သားရွာထဲ ချက်ချင်းလာတယ်။ မနက်ရောက်တော့ တိုက်ပွဲတန်း ဖြစ်တော့တယ်။ စစ်ကောင်စီဖက်လည်း လက်နက်ကြီးတွေ ပစ်တယ်။ တောင်ယာသွားလို့လည်း မရဘူး။ ရွာထဲလည်း အစစ်ဆေး အရမ်းကြမ်းတယ်”ဟု သတင်းရင်းမြစ်က မဲခေါင်သို့ ပြောသည်။
လက်ရှိ အခြေအနေတွင် စစ်ကောင်စီတပ်သည် မြေနီကုန်းကျေးရွာနှင့် မြိုင်စံပြကျေးရွာ အနီးအနားရှိ လမ်းကြောင်းများအပြင် အလယ်ချောင်လမ်းဆုံ အဓိက လမ်းမကြီးတစ်လျှောက်တွင် အင်အားချထားပြီး စောင့်ကြည့် စစ်ဆေးလျက်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် သေနတ်သံများ ကြားနေရဆဲဖြစ်ပြီး ဒေသခံများလည်း မိမိလုံခြုံရေးကို စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။
ရွာငံမြို့နယ်သည် စစ်အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီတပ်များနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးအဖွဲ့ဝင်များ ပစ်မှတ်ထား တိုက်ခိုက်ခံရမှု ဆက်တိုက် ဖြစ်နေသည့် ဒေသတစ်ခု ဖြစ်သည်။
#MeKongNews
#ရွာငံ
#မြေနီကုန်းကျေးရွာ
#အုပ်ချုပ်ရေးမှူး
#တိုက်ပွဲ








