မဲခေါင်၊ ဇန်နဝါရီ ၂၁
ရှမ်း – ကရင်နီ နယ်စပ် တိုက်ပွဲများအတွင်း စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ် ၆၀ ကျော် သေဆုံးပြီး ယင်းအထဲတွင် အသက်မပြည့်သေးသည့် ကလေးစစ်သားများပါ ပါဝင်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
ယင်းအရေအတွက်သည် ဒီဇင်ဘာနှင့် ဇန်နဝါရီလအတွင်း သေဆုံးမှုများဖြစ်ကာ လက်နက် ၃၀ ကျော်လည်း တိုက်ပွဲအတွင်း ဆုံးရှုံးခဲ့သည်ဟု PNO နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။
“ဒီဇင်ဘာလတုန်းက ကယားပြည် လွိုင်ကော်မြို့နယ် လွိုင်လင်လေး အရှေ့ဘက်မှာ ကျတာ ၄၀ အနည်းဆုံးရှိတယ်။ တစ်ရက်တည်း ၂၀ ကျော်ကျပြီး လက်နက် ၂၀ လည်း ဆုံးရှုံးခဲ့ရတယ်။ အဲဒီအချိန် ကရင်နီ တော်လှန်ရေးတပ်ဖွဲ့တွေက စကစနဲ့ တိုက်ပွဲဖြစ်ပွားပြီး လက်နက်၂၀ ကျော် သိမ်းရတယ်လို့ သတင်းထုတ်တာ တွေ့တယ်မလား။ အဲ့ဒါ တကယ်တမ်း ကျတာက တို့ PNOတွေပဲ”ဟု PNO နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ထို့ပြင် ရှမ်းပြည်နှင့် ကရင်နီပြည်ထိစပ်သည့် မောက်မယ်မြို့နယ်တွင်လည်း PNO ၃၀ ကျော်ထက်မနည်း သေဆုံးခဲ့ပြီး လက်နက်တချို့နှင့် ဒရုန်းတချို့ ဆုံးရှုံးခဲ့သည်ဟုလည်း သတင်းရင်းမြစ်က ပြောသည်။
“အဲဒီတိုက်ပွဲတွေမှာ ကျတာ တချို့က ကလေးတွေပဲ ရှိသေးတယ်။ ကျတဲ့သူတွေကိုလည်း PNO က အသုဘပွဲ မပေးလုပ်တော့ ရွာသားတွေ မိဘတွေက တိတ်တိတ်လေးပဲ လုပ်ပေးရတာ။ သိနေရက်သားနဲ့ မထိန်ချန်ချင်တော့ဘူး “ဟု ၎င်းက ဆိုသည်။
ဆီဆိုင်မြို့နယ် ပုံလဝ်ကျေးရွာအုပ်စု တွူးကြဲင်ရွာမှ ဒေသခံတစ်ဦးဖြစ်ပြီး စစ်သား မတရားစုဆောင်းခံရသည့် အ သက် ၁၆ နှစ်အရွယ် ကလေးသူငယ်ဖြစ်သူ ခွန်သန်းဝင်းသည် ရှမ်း – ကရင်နီ နယ်စပ်တိုက်ပွဲတွင် အလောင်း ပြန် မရဘဲ သေဆုံးခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။
ခွန်သန်းဝင်း၏ နာရေးကို မိသားစုဝင်များနှင့် ရွာသားများက အလောင်းမပါဘဲ ဇန်နဝါရီ ၂၀ ရက်တွင် အကျဉ်းချုံး ကျင်းပပေးခဲ့ရသည် ဟုလည်း ၎င်းက ပြောသည်။
PNO ပြည်သူ့စစ်သည် လက်ရှိတွင် စစ်ကောင်စီနှင့် ပူးပေါင်းကာ ရှမ်းပြည်နှင့် ကရင်နီ ပြည်တွင် တော်လှန်ရေးတပ်ဖွဲ့များအား တိုက်ခိုက်နေသည်။
#MeKongNews
#PNO
#သေဆုံး
#ကလေးစစ်သား
#ပါဝင်








