မဲခေါင်၊ ဇန်နဝါရီ ၂၀
စစ်ကောင်စီ လက်ဝေခံ PNO စစ်ကြောင်းက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ရှမ်းပြည်တောင်ပိုင်း၊ မောက်မယ်ရှိ ဒေသခံ နေအိမ်များ မီးလောင် ပျက်စီးခဲ့ကြောင်း ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် – PNLA က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇန်နဝါရီ လဆန်းပိုင်းက မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသ၊ ခြိမ်းနင့် ကျေးရွာကို PNO စစ်ကြောင်း ရောက်ရှိစဥ် ယင်းသို့ တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ထုတ်ဖော် ပြောဆိုသည့် ရုပ်သံများနှင့်အတူ PNLA ကထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
“PNO စစ်ကြောင်းရောက်လာတော့ ကြောက်လန့်ပြီး ထွက်ပြေးကြတာ၊ PNO က အကုန် ပြန်လာခိုင်းပြီး ထမင်းဟင်းတွေ ချက်စေခိုင်းသေးတယ်။ ရွာသားတွေ အကုန်ပြန်ရောက်မှ ရွာက တစ်အိမ်ချင်းကို ဒရုန်းနဲ့ ဗုံးကြဲချလို့ ပြန်ထွက်ပြေးကြရတယ်။ လူတော့ အထိအခိုက်မရှိပေမယ့် အိမ်အားလုံးတော့ မီးလောင် ပျက်စီးကုန်ပြီ”ဟု ရွာခံများက ပြောသည်။
ယင်းရွာလေးမှာ မောက်မယ်မြိုုနယ် မြောက်ဘက်အစွန်ဆုံးတွင် ရှိပြီး အိမ်ခြေ ၁၀ လုံးကျော် ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။
ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး ရွာသားများကို ပြန်ခေါ်ပြီးမှ ဖျက်ဆီးပြ သည်မှာ လူမဆန်အောင် ရက်စက် ယုတ်မာပြသည့် လုပ်ရပ်ဟု PNLO ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ဝေဖန်ပြောဆိုသည်။
လက်ရှိတွင် PNLA ဌာနချုပ်တည်ရှိရာ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသကို စစ်ကောင်စီတပ်နှင့် PNO တို့ ပူးပေါင်း ထိုးစစ်ဆင်နေကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
#MeKongNews
#မောက်မယ်
#PNO
#ဒရုန်းဗုံး
#ဒေသခံနေအိမ်
#မီးလောင်








