မဲခေါင်၊ ဇန်နဝါရီ ၁၉
တရားဝင် ကျပ် ၅၀၀ သာ သတ်မှတ်ထားသည့် နယ်စပ်ဖြတ်သန်းခွင့် စာအုပ်အနီ(BP)ကို မူဆယ်မြို့ နန်းတော် မြန်မာ-တရုတ်နှစ်နိုင်ငံဝင်ထွက်ပေါက်ရှိ ခရိုင်လဝကရုံးဝန်ထမ်းများက ယွမ် ၁၀၀ (ကျပ် ၆သောင်းခန့်) တောင်းသဖြင့် ဒေသခံများ အခက်တွေ့နေရကြောင်း သိရသည်။
ယင်းသို့ ယွမ် ၁၀၀ တောင်းခံသည်မှာ မူဆယ်ခရိုင် လဝကမှူး ဦးထွန်းဇော်ဦး ပြောင်းရွှေ့လာပြီးမှ တိုးမြှင့်တောင်းခံလာခြင်းဖြစ်ပြီး ယခင်က ကျပ်တစ်သောင်းသာ ကောက်ခံကြောင်း ဒေသခံများက ပြောသည်။
“တခါတလေ ပစ္စည်းဝယ်စရာရှိမှ ကြယ်ကောင်-ရွှေလီကို ဝင်ကြတာ။ စာအုပ်အနီ ကျပ် ၅သောင်း တောင်းတယ်။ မပေးရင် စာအုပ်ထုတ်မပေးလို့ ပေးလိုက်ရတယ်။ ပြည်နယ်ရုံးထိ တိုင်ဖူးတယ်။ ဘယ်သူမှ အရေးမယူဘူး။ အရင်ဦးကျော်ကျော်နိုင်တုန်းက ကျပ်တစ်သောင်းတောင်းတယ်၊ မပေးနိုင်လို့ တစ်ထောင်ပေးလိုက်လည်း ဘာမှ မပြောဘူး” ဟု ကောင်းမှုတုန်ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။
နေ့စဥ် စာအုပ်အနီ လုပ်သူ ၁၀၀ နှင့် ၁၅၀ ကြားရှိပြီး ခရိုင်လဝကရုံးမှ ယင်းအပေါ် ငွေကြေးပိုမို ကောက်ခံနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
တရုတ်-မြန်မာနယ်စပ် မူဆယ်တွင် နယ်စပ်ဖြတ်ကျော်သွားလာခွင့် တစ်နှစ်သက်တမ်းရှိသည် BP စာအုပ်အနီကို မူဆယ်ခရိုင်ဖြစ်သည့် မူဆယ်နှင့် နမ့်ခမ်းမြို့နယ် အိမ်ထောင်စုရှိသူများကိုသာ ပြုလုပ်ခွင့်ပေးထားပြီး အခြားမြို့နယ်မှ လာသူများကိုမူ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (TBP)သာ ပြုလုပ်ခွင့်ရှိသည်ဟု သတ်မှတ်ထားသည်။
မူဆယ်ခရိုင်အတွင်းရှိ ပြည်သူများအပါအဝင် ဒေသအသီးသီးမှ ပြည်သူများသည် တရုတ်နယ်စပ်တွင် စာအုပ်အနီနှင့် တစ်ပတ်ခံယာယီဖြတ်သန်းခွင့်ကဒ်တို့ဖြင့် သွားရောက်အလုပ်လုပ်ကိုင်ခြင်း၊ ကုန်စည်ကူးသန်းရောင်းဝယ်ခြင်းများ ပြုလုပ်ကာ အသက်မွေးနေကြခြင်းဖြစ်သည်။
မှတ်ချက် – ပုံဟောင်း အသုံးပြုထားသည်။
#MeKongNews
#မူဆယ်
#လဝက
#စာအုပ်အနီ
#အိမ်ထောင်စုစာရင်း








