မဲခေါင် ၊ ဇန်နဝါရီ ၁၈
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများပါဝင်သည့် အကျဉ်သား ၈၀ ခန့်က သေနတ် ၉ လက်ကို ယူဆောင်ပြီး ထွက်ပြေးသွားသည်ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ-IEC က သတင်းထုတ်ပြန်သည်။
ယနေ့မနက် ၁ နာရီခန့်တွင် ယင်းအကျဉ်းသားများသည် အစောင့်များကို ပြန်လည်ဖမ်းဆီးချုပ်နှောင်ကာ ထွက်ပြေးသွားခြင်းဖြစ်သည်။
သို့သော် အွန်လိုင်းတွင် ပျံ့နှံ့နေသကဲ့သို့ ထောင်ဝန်ထမ်းများကို ဖမ်းဆီး သတ်ဖြတ်သွားသည်ဆိုသည့် သတင်းမှာ မှန်ကန်မှုမရှိကြောင်းနှင့် သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း၍ အခြေအနေများကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေသည်ဟု IEC ကဆိုသည်။
အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသော သတင်းများကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်မှု မရှိကြရန်နှင့် အများပြည်သူလုံခြုံရေးအတွက် သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များ၊ ကရင်နီပြည် ရဲဌာနခွဲ၊ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့မှ အချိန်နှင့် တပြေးညီ လုံခြုံရေးအစီအစဉ်များကိုဆောင်ရွက်နေသည်ဟုလည်း IEC ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
လက်ရှိ အခြေအနေကြောင့် မော်ချီးဒေသနှင့် မယ်စဲ့မြို့နေဒေသခံ ပြည်သူများအနေနှင့် လုံခြုံရေးဂရုစိုက်ကြဖို့လည်း ကရင်နီအရပ်ဘက်အဖွဲ့အစည်း တာဝန်ရှိသူအချို့က တိုက်တွန်းထားကြောင်း သိရသည်။
ကရင်နီပြည်ဘက်မှ ထိုင်းနိုင်ငံဘက် နယ်စပ်ထွက်ပေါက်ဖြစ်သည့် မယ်စဲ့မြို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာမှာ ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ခဲ့တာဖြစ်ပြီး ယခုထွက်ပြေးသူများမှာ စစ်ကောင်စီတပ်သားများဖြစ်ကာ ၎င်းတို့ကို လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။
#MeKongNews
#ကရင်နီ
#စစ်သုံ့ပန်း
#အကျဉ်းသား
#ထွက်ပြေး
ပုံစာ – ကရင်နီပြည်ရှိ အကျဉ်းစခန်းတခုကို တွေ့ရစဉ်
ပုံ – Min Tar Facebook








