မဲခေါင်၊ ဇန်နဝါရီ ၁၇
ရှမ်းပြည်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူကြီးဒေသ၊ ဗန်းမတ်ကျေးရွာကို စစ်ကောင်စီ လက်ဝေခံ ပအိုဝ်းပြည်သူ့စစ် – PNO က ဒရုန်းဖြင့် ၂ ည ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်ခဲ့မှုကြောင့် ကျေးရွာရှိ စာကြည့်တိုက် ပျက်စီးသွားခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ဇန်နဝါရီ ၁၄ ရက် ညတွင် တစ်ကြိမ် ဒရုန်းဖြင့် ဗုံးလာကြဲသဖြင့် စာကြည့်တိုက် ပျက်စီးသွားကာ ဇန်နဝါရီ ၁၅ ရက် ညတွင်လည်း ဒရုန်းဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းအနီး ကျရောက် ပေါက်ကွဲခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“စာသင်ကျောင်းတို့၊ စာကြည့်တိုက်တို့ ဆိုတာ လူတွေရဲ့မျက်စိတွေ၊ နားတွေကို ဖွင့်ပေးတဲ့ နေရာဖြစ်တယ်။ ဒီလိုမျိုး နေရာတွေကို တိုက်ခိုက်တယ် ဆိုတာ အောက်တန်းကျတဲ့ လုပ်ရပ်တွေ ဖြစ်တယ်” ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် – PNLA မှ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ရှုတ်ချပြောဆိုသည်။
ယင်းတိုက်ခိုက်မှုတွင် လူထိခိုက်မှု မရှိသော်လည်း ထိတ်လန့် ကြောက်ရွံ့ခဲရကြောင်း ဒေသခံများက ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်တွင်လည်း ကဒူကြီးဒေသကို PNO ပြည်သူ့စစ်က ထိုးစစ်တစ်ကြိမ် ပြုလုပ်ခဲ့ပြီး ၎င်းတို့ဘက်မှ ၇ ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိသဖြင့် ပြန်လည် ဆုတ်ခွာခဲ့သည်ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။
ထို့ပြင် ဇန်နဝါရီ ၈ ရက်တွင်လည်း ဗန်းမတ်ကျေးရွာ မြောက်ဘက်ရှိ ခရိန်းနန်းကျေးရွာတွင် စစ်တပ်၊ PNOနှင့် PNLA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ခရိန်းနန်းကျေးရွာမှ နေအိမ် ၁၀ လုံးကျော်ကို စစ်တပ်နှင့် PNO တို့က မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
#MeKongNews
#ဗန်းမတ်
#PNO
#ဒရုန်းတိုက်ခိုက်
#စာကြည့်တိုက်
#ပျက်စီး








