မဲခေါင်၊ ဇန်နဝါရီ ၁၂
ရှမ်းပြည်တောင်ပိုင်း ၊ ဟိုပုံးမြို့ရှိ စစ်တပ်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ ဗိုလ်မှူး အေးမင်းထွန်း ဆိုသူကို အဂတိမှုဖြင့် ဖမ်းဆီးပြီး နေပြည်တော်မှ လာရောက် စစ်ဆေးနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
၎င်းသည် စစ်ကောင်စီ ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း – တကန ကျောင်းအုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး၏ လူယုံဖြစ်ပြီး ဟိုပုံးဝင်လာသည့် အာလူးကားတစ်စီးလျှင် ကျပ်သိန်း ၅၀၀ ကို ဗိုလ်မှူးချုပ် သန့်ထင်စိုး အမည်သုံး၍ တောင်းရမ်းခဲ့သည်ဟု ဆိုသည်။
ယင်းကို ဗိုလ်မှူးချုပ် သန့်ထင်စိုး သိရှိသွားသဖြင့် ၎င်းအား ဖမ်းဆီး ချုပ်နှောင်ထားပြီး နေပြည်တော်မှ လာရောက်စစ်ဆေးနေသည်ဟု ဆိုသည်။
“အဂတိအပြင် လိုင်စင်မဲ့ကားတွေ မှောင်ခို အရောင်းအဝယ် လုပ်တာပါ ပေါ်လာတယ်၊ သူကိုယ်တိုင်ရော သူ့တပည့်တွေကို သယ်ခိုင်းတာရော။ အခု တပ်ထဲ ဝစ်သောက်ကားတွေ မထားရဲကြဘူး ဖြစ်နေတယ်”ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
တရားမဝင်ကုန် သယ်ဆောင်သည် ဟုဆိုကာ စစ်ကောင်စီက ကားများကို ဖမ်းဆီးအမှုဖွင့်နေရာ ရှမ်းအရှေ့မှ လာသည့် ကုန်ကားများအနက်မှ အချို့ကို ဗိုလ်မှူးချုပ် သန့်ထင်စိုး အမိန့်ဟုဆိုကာ မိုင်းပွန် စစ်ဆေးရေးဂိတ်တွင် လာဘ်ယူ လွှတ်ပေးမှုများလည်း ရှိနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
#MeKongNews
#သန့်ထင်စိုး
#လူယုံ
#ဗိုလ်မှူး
#အဂတိ








