မဲခေါင်၊ ဇန်နဝါရီ ၁၁
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်းရှိ ကျားဖြန့် (အွန်လိုင်းငွေလိမ်လုပ်ငန်း) လုပ်ကိုင်ရာနေရာများတွင် မူးယစ်ဆေးဝါး ချက်လုပ်သည့် ပစ္စည်းများကိုပါ တွေ့ရှိခဲ့ကြောင်း မြေပြင်သတင်းများအရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်မှ ၁၀ ရက်အထိ ၃ ရက်ဆက်တိုက် စစ်ကောင်စီတပ်က သီပေါမြို့နယ်အတွင်းရှိ မိန်းခေး၊ ဝမ်မော်နှင့် ရှန်တောရှိ ကျားဖြန့်လုပ်ငန်းခွင်များကို မြေပြင်စစ်ကြောင်းများအပြင် လေယာဉ်များဖြင့်ပါ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ထိုနေရာများတွင် မူးယစ်ဆေးဝါးချက်လုပ်ရာ၌ အသုံးပြုသည့် ပစ္စည်းများကိုပါ တွေ့ရှိခဲ့ရခြင်း ဖြစ်သည်ကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။
မိန်းခေးမှ ၅ မိုင်ခန့်သာ ကွာဝေးသည့် ဝမ်မော်ရှိ တစ်နေရာကို စစ်ကောင်စီက Y-12 လေယာဉ်ဖြင့် ဗုံး ၁၀ လုံးခန့် ကြဲချတိုက်ခိုက်ခဲ့ရာ ယင်းနေရာမှာ ကျားဖြန့်လုပ်ငန်းခွင်တစ်နေရာဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ထို့ကြောင့် ကျားဖြန့်လုပ်ငန်းများနှင့် နီးစပ်သည့်နေရာများတွင် ဒေသခံပြည်သူများ မနေထိုင်ကြရန် အချင်းချင်း သတိပေးနေကြကြောင်း သိရသည်။
“ယမန်နေ့ ဇန်နဝါရီ ၁၀ ရက် ညနေပိုင်းမှာ စစ်တပ်က စစ်ကား ၄ စီးနဲ့ ဝမ်ကန်နဲ့ ဟိုခိုရွာဘက်က တွေ့ရှိတဲ့ မူးယစ်ဆေးဝါး ချက်လုပ်တဲ့ ပစ္စည်းတွေကို လာရောက်တင်ဆောင်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
သီပေါမြို့နယ်အတွင်း စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား စစ်ရေးတင်းမာမှုများ ဆက်ရှိနေပြီး လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံများမှာလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း သိရသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP ကမူ စစ်ကောင်စီက သီပေါမြို့နယ်အတွင်း တိုက်လေယာဉ်များဖြင့် အကြိမ်ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု ဇန်နဝါရီ ၁၀ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။
#MeKongNews
#သီပေါ
#ကျားဖြန့်
#SSPP
#လေကြောင်းတိုက်ခိုက်
#မူးယစ်ဆေးဝါး








