မဲခေါင်၊ ဇန်နဝါရီ ၉
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်တရားရုံးသည် ထိုင်းနိုင်ငံသားများပါဝင်သည့် အွန်လိုင်းဂိမ်းအမှုများ၊ လိုင်စင်မဲ့ကားစီးနင်းမှုနှင့် လဝကအမှုများတွင် ဘတ်သန်းချီ လာဘ်ငွေတောင်းခံကာ အမှုများကို တစ်နှစ်ကျော်သည်အထိ အချိန်ဆွဲစစ်ဆေးနေကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နှစ်ဆန်းပိုင်းကတည်းက ထိုင်းနိုင်ငံသားများပါဝင်သည့် အမှုပေါင်း (၃) မှုခန့်ကို တရားစွဲဆိုထားရာတွင် အချို့သော ထိုင်းနိုင်ငံသားများကို မြန်မာနိုင်ငံသားအဖြစ် ပြောင်းလဲတရားစွဲဆိုထားပြီး၊ တစ်ဦးလျှင် ဘတ် (၃) သန်းအထိ ငွေတောင်းခံကာ အမှုကို အချိန်ဆွဲစစ်ဆေးနေခြင်းဖြစ်ကြောင်း တရားရေးလောကနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ထိုင်းနိုင်ငံသားနဲ့ တရုတ်နိုင်ငံသားတချို့က မြန်မာမှတ်ပုံတင်တွေ ကိုင်ထားကြတော့ မြန်မာနိုင်ငံသားဆိုပြီး တရားစွဲထားကြတာ။ အဓိကက ထိုင်းနဲ့ တရုတ်မှာ ပြစ်မှုကျူးလွန်ထားကြလို့ သူတို့က မပြန်ရဲကြဘူး။ ဒါကြောင့် မြန်မာနိုင်ငံသားဆိုပြီး အမှုဖွင့်ထားတာ၊ တကယ်တော့ သူတို့က မြန်မာစကားတစ်လုံးမှ မတတ်ကြဘူး” ဟု ၎င်းက ဆိုသည်။
ခရိုင်တရားရုံးသည် မူးယစ်ဆေးဝါးမှုနှင့် အွန်လိုင်းငွေလိမ်မှုများတွင် ပါဝင်သည့် တရုတ်နှင့် ထိုင်းနိုင်ငံသားအချို့ထံမှ ဘတ်သန်းချီ လာဘ်ငွေတောင်းယူကာ ပြစ်ဒဏ်လျှော့ပေါ့ပေးခြင်း သို့မဟုတ် ပြန်လည်လွှတ်ပေးခြင်းများ ရှိနေသည်ဟုလည်း သိရသည်။
တရားရုံးဝန်ထမ်းကိုယ်တိုင် အမှုပွဲစားလုပ်ကာ အမှုအကြီးအသေးပေါ်မူတည်၍ ထိုင်းဘတ်ငွေ (၅) သိန်းမှ (၃) သန်းအထိ ခရိုင်တရားသူကြီး ဦးထွန်းနိုင်ထွေးကို လာဘ်ထိုးရကြောင်း မဲခေါင်သတင်းဌာနက စုံစမ်းသိရှိရသည်။
ယင်းသို့ လာဘ်ပေးရာတွင် ခရိုင်တရားသူကြီးက တိုက်ရိုက်ရယူခြင်း ရှိသလို တရားရုံးဝန်ထမ်းများနှင့် ရှေ့နေများမှတစ်ဆင့် ပေးဆောင်ရခြင်းများလည်း ရှိသည်ဟု ဆိုသည်။
#MeKongNews
#ခရိုင်တရားရုံး
#တာချီလိတ်
#မူးယစ်ဆေးဝါး
#ရှမ်းအရှေ့








