မဲခေါင်၊ ဇန်နဝါရီ ၉ ရက်
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လတိန် ကျေးရွာအုပ်စုတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာရရှိပြီး ကားတစ်စီးနှင့် နေအိမ်တစ်လုံးပါ ပျက်စီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဇန်နဝါရီ ၈ ရက် ည ၉နာရီတွင် တိုက်ပွဲမရှိဘဲ လူနေကျေးရွာကို ဖယ်ခုံမြို့အခြေစိုက် စစ်တပ်က ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ၂ လုံး ပစ်ခတ် တိုက်ခိုက်လာခြင်း ဖြစ်ကြောင်း ပြောသည်။
” လက်နက်ကြီး ၂ လုံးပစ်လာတယ်။ တစ်လုံးက ရွာနားကျတယ်။ တစ်လုံးကတော့ လူနေအိမ်ပေါ်ကျတော့ အမျိုးသမီးတစ်ဦး ထိသွားတာ။ ပေါင်မှာ ဒဏ်ရာရသွားတယ်။ လက်နက်ကြီး ပေါက်ကွဲလို့ အိမ်နဲ့ ကားတစ်စီးလည်း ပျက်စီးသွားတယ်”ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
စစ်ကောင်စီသည် လူနေကျေးရွာကို ရုတ်တရက် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ကျေးရွာသားများ ရွာထဲ မနေရဲတော့ဘဲ ညတွင်းချင်း တောတောင်ထဲ တိမ်းရှောင်ခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ၂၇ ရက်တွင်လည်း မိုးဗြဲမြို့အနီးကို စစ်တပ်က ဒရုန်းဗုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သား ၃ ဦးပါ ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။
စစ်ကောင်စီတပ်နှင့် PNO တို့သည် ဖယ်ခုံ – ပင်လောင်း နယ်စပ်တကြောတွင် စစ်ကြောင်း ထိုးလာခြင်းကြောင့် တိုက်ပွဲ ၃ လအကြာ ဖြစ်ပွားနေပြီး ကျေးရွာ ၁၀ ရွာကျော်မှ လူဦးရေ ၆ ထောင် ဝန်းကျင်လည်း နီးစပ်ရာ တောတောင်နှင့် ကျေးရွာများထံ စစ်ဘေး ရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကြောင်း ထိုးလာပြီးနောက် အောက်တိုဘာ ၁၃ ရက်တွင်လည်း ပင်လောင်းမြို့နယ်၊ ဘောရန်ကျေးရွာနှင့် တောင်စလုံးကျေးရွာကို စစ်ကောင်စီတပ်နှင့် PNO တို့က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ရွာသားနေအိမ် ၃၀၀ ကျော်ကိုလည်း မီးရှို့ဖျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
#MeKongNews
#ဖယ်ခုံ
#စစ်ကောင်စီ
#လက်နက်ကြီး
#အမျိုးသမီး
#ဒဏ်ရာရ








