မဲခေါင်၊ ဇန်နဝါရီ ၉
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်က ပြည်သူ ၅၀ ထက်မနည်းကို တစ်နှစ်အတွင်း သတ်ဖြတ်ခဲ့သည်ဟု အင်းလေး အမျိုးသမီးသမဂ္ဂက သတင်းထုတ်ပြန်သည်။
ယင်းသေဆုံးခဲ့ရသူအားလုံးသည် အရပ်သား ပြည်သူများသာဖြစ်ပြီး စစ်ကောင်စီနှင့် PNO က ဖမ်းဆီး သတ်ဖြတ်ခြင်း၊ တော်လှန်ရေးနှင့် ပတ်သက်သည်ဟု စွပ်စွဲကာ ပစ်သတ်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် သေဆုံးရခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထိုသို့ ပစ်ခတ်သတ်ဖြတ်ခြင်း အပြင် ပြည်သူလူထု၏ အိုးအိမ် စည်းစိမ်များကိုလည်း စစ်ကောင်စီနှင့် PNO က ခိုးယူ ရောင်းချခဲ့သည်ဟု အင်းလေးအမျိုးသမီးသမဂ္ဂက ဆိုသည်။
“အကြမ်းဖက်စစ်တပ်နှင့် လက်ပါးစေ PNO/PNA တို့၏ လက်နက်ကြီး၊ လေယာဉ်၊ ဒရုန်းတို့ဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူလူထု၏ အိုးအိမ်များ ပျက်စီးဆုံးရှုံး၊ လူ့အသက်တွေ ဆုံးရှုံးခဲ့ရသလို ပြည်သူလူထုမှ ခက်ခဲစွာ ရှာဖွေစု ဆောင်း ထားခဲ့ရသည့် ပစ္စည်းဥစ္စာ များစွာလည်း ခိုးယူခြင်း ခံခဲ့ရပါတယ်”ဟု အင်းလေး အမျိုးသမီးသမဂ္ဂမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
ထို့ပြင် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် တစ်နှစ်အတွင်း ပြည်သူပိုင် အိုးအိမ် ၅၀ ခန့်နှင့် ဘာသာရေး အဆောက်အဦတစ်ခုကိုလည်း စစ်ကောင်စီနှင့် PNO က မီးရှို့ ဖျက်ဆီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့ပြင် အင်းလေးဒေသတွင် တနှစ်အတွင်း ဒရုန်းဖြင့် အကြိမ် ၁၀၀ ကျော်၊ လေယာဉ်ဖြင့် အကြိမ် ၃၀ ကျော် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု အင်းလေး အမျိုးသမီးသမဂ္ဂက ကောက်ယူထားသည့် အချက်အလက်တွင် ဖော်ပြသည်။
#MeKongNews
#အင်းလေး
#စစ်ကောင်စီ
#PNO
#သတ်ဖြတ်








