မဲခေါင်၊ ဇန်နဝါရီ ၈
ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် အိမ်ပြန်လာသည့် အမျိုးသားတစ်ဦး လမ်းပေါ်တွင် မိုင်းနင်းမိ ဒဏ်ရာဖြင့် သွေးထွက်လွန် သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းတွင် ဒေါမူကလျားရွာနေ ၄၃ နှစ်အရွယ် ဦးပလျားရယ်သည် ဒေါမူကလား ကျေးရွာ အနီးတွင် မိုင်းနင်းမိခဲ့ကြောင်း သိရသည်။
“သူနင်းမိပြီး တစ်နာရီကျော် ကြာမှ အနီးနားက လူတွေတွေ့ပြီး ဆေးခန်းပို့တာ။ ဆေးခန်းရောက်ပြီး မကြာဘူး သွေးထွက်လွန်ပြီး ဆုံးသွားတယ်။ အဲဘက်လမ်းကလည်း သူများပိတ်ထားတယ်၊ သွားလို့မရဘူး။ အဲဒါ သူသွားတော့ မိုင်းနင်းမိသွားတယ်”ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
စစ်အာဏာ သိမ်းပြီးနောက် သေဆုံးသူ ဦးပလျားရယ်တို့ ကျေးရွာအတွင်း တိုက်ပွဲ ဖြစ်ပွားသောကြောင့် ရှမ်းပြည်သို့ စစ်ရှောင်လာပြီး လက်ရှိ၌ လွိုင်ကော်သို့ ပြန်လာခွင့်ရချိန်တွင် ပြန်နေထိုင်ခဲ့ကြောင်း သိရသည်။
ယမန်နှစ် အောက်တိုဘာ နောက်ဆုံးပတ်တွင်လည်း လွိုင်ကော်မြို့၊ မိုင်းလုံး ရပ်ကွက်ရှိ အိမ်ခြံဝင်းအတွင်း မြေ မြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး စစ်ကောင်စီက သတင်း ဖုံးခိုင်းခဲ့သည်။
ထို့ပြင် ပန်ကန်းရပ်ကွက်တွင် နေထိုင်သည့် အမျိုးသား ၂ ဦးသည်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်တွင် တောင်ယာမှ အပြန်လမ်းတွင် မိုင်းနင်းမိပြီး ဒဏ်ရာရရှိကာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
#MeKongNews
#လွိုင်ကော်
#မိုင်းနင်း
#သွေးထွက်လွန်
#သေဆုံး








