မဲခေါင်၊ ဇန်နဝါရီ ၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယနေ့ကျရောက်သည့် လွတ်လပ်ရေးနေ့ အခမ်းအနား မပြုလုပ်မီ အချိန်အနည်းငယ်အလို၌ ဗုံးတစ်လုံး ပေါက်ကွဲခဲကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ ဇန်နဝါရီလ ၄ ရက်၊ နံနက် ၃ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် လားရှိုးမြို့၊ ရပ်ကွက် (၁) ရှိ နားမခေါ်အရပ်တွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
လားရှိုးမြို့၊ ရပ်ကွက် (၁) ရှိ ကျောက်တိုင်ကွင်းတွင် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပရန် ဌာနဆိုင်ရာအသီးသီး စုရုံးရောက်ရှိနေစဉ်အတွင်း ယခုကဲ့သို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“ဗုံးပေါက်တာတော့ မှန်ပါတယ်။ စစ်လက်ကျန်ဗုံးလို့လည်း ပြောကြတယ်။ လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားက မနက် ၄ နာရီ ၂၀ မိနစ်ဆိုတော့ စုနေတဲ့လူတွေကြားထဲ ရုတ်ရုတ်သဲသဲတော့ ဖြစ်သွားတာပေါ့။ အထိအခိုက်တော့ မရှိဘူးလို့ သိရပါတယ်” ဟု လားရှိုးမြို့၊ ရပ်ကွက် (၉) တွင် နေထိုင်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။
ဗုံးပေါက်ကွဲသည့် နားမခေါ်ရပ်မှာ ရပ်ကွက် (၁) အတွင်း၌ပင် ရှိသဖြင့် အခမ်းအနားကျင်းပမည့် နေရာနှင့် အလှမ်းမဝေးကြောင်း သိရပြီး၊ ပေါက်ကွဲမှုကြောင့် ပျက်စီးမှုအခြေအနေ အသေးစိတ်ကိုမူ မသိရှိရသေးပေ။
လားရှိုးမြို့ပေါ်ကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ကာ လားရှိုးမြို့ပြင်ဘက် မယ်ဟန်မှ သီပေါတံတားအထိ MNDAA က ဖွင့်လှစ်ထားသည့် ငွေကောက်ခံသောဂိတ်များကို ဖယ်ရှားပေးခဲ့ကြောင်း သိရသည်။
#MeKongNews
#လားရှိုး
#လွတ်လပ်ရေးနေ့
#ဗုံးပေါက်ကွဲ
#နားမခေါ်








