မဲခေါင်၊ ဒီဇင်ဘာ ၂၅
လားရှိုးယာဉ်ထိန်းရဲမှူး မျိုးထိုက်ကို ဆေးကြောင်ပြီး သေနတ်ပစ်ဖောက်မှုဖြင့် စုံခုံဖွဲ့ အစစ်ခံရပြီးနောက် ရခိုင်သို့ ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။
မျိုးထိုက် ဒီဇင်ဘာလ တတိယပတ်အတွင်းက ရခိုင်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က မဲခေါင်သို့ ပြောသည်။
ယာဥ်ထိန်းရဲမှူးမျိုးထိုက်သည် ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်နေ့က လားရှိုးရှိ KTV တစ်ခု၌ k ခေါ် မူးယစ်ဆေးတစ်မျိုးသုံးပြီး အရက်သောက်ကာ လားရှိုးရဲစခန်းဝန်းအတွင်းရှိ လိုင်းခန်း၌ တရားမဝင် ကိုင်ဆောင်နေသည့် ပစ္စတိုဖြင့် သေနတ် ၆ ချက် ပစ်ဖောက်ခဲ့သည့်အတွက် လားရှိုး ပြည်နယ်ရဲမှူးကိုယ်တိုင် မျိုးထိုက်ကို အချုပ်ထဲ ထည့်ခဲ့သော်လည်း ညတွင်းချင်း အချုပ်ထဲမှ ပြန်လွတ်လာခဲ့သူဖြစ်သည်။
၎င်းသည် လားရှိုးမြို့တွင် လာဘ်စားရာ၌ နာမည်ကြီးသူဖြစ်ပြီး လိုင်စင်မဲ့ Without ကားများ ရောင်းဝယ်သည့် ကားပွဲစားတန်းဆီမှလည်း လစဥ်ကြေးကောက်ခံ နေသူဖြစ်ပြီး ထိုသို့လာဘ်ယူထားသည့် ငွေများဖြင့် ပြင်ဦးလွင်မြို့အထွက် ပြင်ဦးလွင်-မိုးကုတ် ကားလမ်းဘေး၌ ၂ ထပ်တိုက်တစ်လုံး ဆောက်လုပ်ခဲ့ပြီးဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။
ယာဉ်ထိန်းရဲမှူး ပြောင်းသွားသော်လည်း ပြည်သူလူထုထံမှ မတရားငွေညှစ််တောင်းခံနေသော ယာဉ်ထိန်းရဲ ၂ဦးဖြစ်သည့် ဒုတပ်ကြပ် အောင်ဌေးကျော် (အမည်ဝှက် အင်ကြင်း) နှင့် ၎င်း၏ ဆရာဖြစ်သူ ရဲအုပ် အောင်ကျော်ဝေ (အမည်ဝှက် အင်းဝ) တို့ ၂ဦးမှာမူ အရေးယူခံရခြင်းမရှိသေးဘဲ ပြည်သူများထံမှ ငွေညှစ်တောင်းခံမှုများ ဆက်လက်ပြုလုပ်နေကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ပြီးခဲ့တဲ့ရက်ပိုင်းက ကလေးတစ်ယောက် ဆိုင်ကယ်အဖမ်းခံရတာ ၅သိန်းတောင်းတယ်။ နောက်တော့ အင်ကြင်းနဲ့ အင်းဝက ၂သိန်းခွဲနဲ့ ဖြတ်လိုက်တယ်။ အခုထိ အကျင့်ပျက်ခြစားနေကြတုန်းပဲဗျာ” ဟု ၎င်းက ပြောသည်။
လားရှိုး ယာဉ်ထိန်းရဲများထဲတွင် ဒုတပ်ကြပ် အောင်ဌေးကျော်နှင့် ၎င်း၏ ဆရာဖြစ်သူ ရဲအုပ် အောင်ကျော်ဝေတို့မှာ ဖမ်းဆီးထားသည့် ၁၂ဘီးကားများမှ ကားဘီးအကောင်းများကို ဖြုတ်ကာ ရောင်းစားပြီး အစုတ်များ အစားထိုးထားခြင်း၊ ငွေလိုပါက တာဝန်ချိန်မဟုတ်ဘဲ မြို့ပတ်လမ်းသို့သွားပြီး ကားသမားများထံမှ ငွေညှစ်တောင်းခံကြောင်းဒေသခံများက ပြောသည်။
လားရှိုးမြို့သည် စစ်ကောင်စီထိန်းချုပ်နေသော်လည်း နေ့စဥ်လို မူးယစ်မှု၊ ခိုး၊ ဆိုး၊ လု၊ နှိုက်မှု များဖြင့်ရာဇဝတ်မှုများ ထူပြောနေသည့် အခြေအနေတွင် ရှိနေသည်။
#MeKongNews
#လားရှိုး
#ယာဉ်ထိန်းရဲ
#မူးယစ်ရမ်းကား
#မျိုးထိုက်
#အောင်ဌေးကျော်
#အောင်ကျော်ဝေ
#ငွေညှစ်








