မဲခေါင် ၊ ဒီဇင်ဘာ ၂၂
ရှမ်းပြည်တောင်ပိုင်း၊ လင်းခေးအခြေချ ဗျူဟာမှ ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ထွန်းလတ် အမိန့်ဟုဆိုကာ ဂျီတူးအဆင့် ရှိ ဗိုလ်မှူးနိုင်လင်း ဦးဆောင်ကာ စစ်ကောင်စီတပ်များက ငွေတောင်း ကြမ်းနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
အထူးသဖြင့် ကုန်ကားများကို ပစ်မှတ်ထားပြီး ဗျူဟာမှူး စေခိုင်းချက်ဖြင့် ဗိုလ်မှူးနိုင်လင်းက ဦးဆောင် တောင်းယူနေခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။
“တာချီလိတ်ကနေ ကုန်စုံတင်လာတဲ့ ကားတွေကို တစ်စီးကို ၅ သိန်း ၆ သိန်းထိ တောင်းတယ်ဗျာ။ ဗိုလ်မှူးနိုင်လင်း ဆိုတဲ့လူက ဗျူဟာမှူးအမိန့်နဲ့ တောင်းတာဆိုပြီး တောင်းတာဗျ။ သူက G2 အဆင့်တဲ့”ဟု ကုန်သည်တစ်ဦးက ပြောသည်။
ထို့ပြင် ဗိုလ်မှူးနိုင်လင်းသည် ဗျူဟာမှူး စေခိုင်းသည်ထက် ပိုတောင်းခြင်းလည်း ဖြစ်နိုင်ပြီး အဖွဲ့အစည်းကားပါမချန် တောင်းသည်ဟု နောက်ထပ် သတင်းရင်းမြစ်တစ်ဦးကလည်း ဆိုသည်။
“အဖွဲ့အစည်းကားလည်း ၄ သိန်း ၅ သိန်းပဲ။ သူ့တယောက်ပဲ တစ်ရက်ဝင်ငွေက သိန်းရာချီတယ်။ သူအဲ့လိုတောင်းတာ သူ့အထက်အရာရှိ ဗျူဟာမှူးတောင် အကုန်သိရဲ့လား မသိဘူး။ ပိန်ပိန်သေးသေးနဲ့ပဲ ကြားဖူးတာတော့ ရာထူးတိုး ခေါ်တာတောင် မပြောင်းဘဲ လင်းခေးမှာ အရင်ရာထူးနဲ့ပဲ နေနေတာ ကြည့်တော့ပေါ့။”ဟု ၎င်းက ပြောသည်။
ထို့ပြင် လင်းခေးအထွက်ရှိ ဂိတ်တွင်လည်း ဗိုလ်မှူးနိုင်လင်းနှင့် အတူ နှစ်ပွင့်ရှိ ဗိုလ်အဆင့်များဦးဆောင်ကာ ငွေတောင်းကြမ်းနေသည်ဟုလည်း ကားသမားများထံမှ သိရသည်။
“ဒေသဖွံ့ဖြိုးရေး အတွက်ဆိုပြီး ဝက်ပေါက် ၅၀ သားအရွယ် တကောင်ကို ၂ ထောင်၊ ၃ ထောင်ပေးရတယ်။ ဘာတင်တင် ဂိတ်ကထွက်တာနဲ့ အကုန်ပေးနေရတယ်။ လင်းခေးက G2 က အတောင်းဆုံးပဲ၊ ကုန်ကားခါလီ မြို့ထဲဝင်ရင်လည်း ဘယ်လဲ ဘာတင်မှာလဲ ရစ်တယ်။ ငွေပေးရင် ဝင်ခိုင်းတယ် တအားဆိုးတယ်ဗျာ”ဟု ကားသမားတစ်ဦးက ပြောသည်။
ထို့ပြင် လင်းခေးရှိ စစ်ကောင်စီဂိတ်များက Kpay လက်မခံပဲ ငွေသားများကိုသာ လက်ခံပြီး သစ်ကားများကိုကျပ် ၇ သိန်းမှ သိန်း ၂၀ ထိ တောင်းကြောင်းလည်း သိရသည်။
“ဗျူဟာမှူးက အဲလောက်မရရင် မလွှတ်ဘူးဆိုပြီး တောင်းတယ်။ အဲ့လင်းခေး G2 က ရန်ကုန်မှာတောင် မီနီမတ်ကက်တွေ အကြီးကြီး ဖွင့်ထားနိုင်ပြီ။ သူ့လစာနဲ့ ဘယ်လိုလုပ်နိုင်မလဲ။ တာဆန်းတံတားတို့ဘက်က အရာရှိတွေဆို တိုင်ချင်တဲ့ နေရာတိုင်တဲ့။ ကျွန်တော်တို့က လင်းခေးဗျုဟာက G2 ကို လစဥ်ကြေး ဂိတ်တွေတိုင်းက ပို့ပေးရတယ်တဲ့”ဟု သတင်းရင်းမြစ်က ပြောသည်။
ယင်းကဲ့သို့ ငွေတောင်းကြမ်း ခြင်းကြောင့် ကုန်စည်များလည်း ဈေးနှုန်း မြင့်တက်သဖြင့် ပြည်သူများလည်း ပိုပြီး ခက်ခဲလာကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်၊ အာဏာအားကိုးဖြင့် စစ်ကောင်စီ ယန္တရားအဆင့်ဆင့်က ပြည်သူလူထုအား အဆမတန် ငွေတောင်းခြင်းများ ပိုပြုလုပ်လာကြသည်။
#MeKongNews
#ဗျူဟာမှူး
#လင်းခေး
#စစ်ကောင်စီတပ်
#ငွေတောင်းကြမ်း








