မဲခေါင်၊ ဒီဇင်ဘာ ၂၁
မိုင်းဆတ်အခြေစိုက် စစ်ကောင်စီ ခြေလျင်၊ ခြေမြန်တပ်ရင်းတပ်ဖွဲ့မှ ပျက်စီးနေသော တပ်ပိုင် မော်တော်ယာဉ်များကို ပြင်ဆင်ပေးခြင်းမရှိဘဲ ပျက်စီးစာရင်း အမျိုးမျိုးပြကာ စရိတ်အများအပြား တင်ပြီး အမှတ် – ၁၄ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးစိန်ထွန်းနှင့် ကကလျှပ်မှ ဂျီဝမ်းတို့က ပေါင်းပြီး လုပ်စားနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ဗိုလ်မှူးစိန်ထွန်းသည် အထက်မှ ချပေးသော ယာဉ်ပြင်စရိတ် မည်မျှရသည်ကိုလည်း စာရင်းမပြသည့် အပြင် ပျက်စီးနေသော ကားများကိုလည်း အပေါ်ယံမျှသာ ဆေးသုတ်ပြီး အင်ဂျင် လက်ပူတိုက်ကာ တပ်ရင်းတပ်ဖွဲ့များကို ပြန်ပေးကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ဗိုလ်မှူးစိန်ထွန်းက ဒီကားမကောင်းဘူးဆိုရင် အလုပ်ရုံသွင်း ပြင်ပေးလိုက် ဒါပဲ ပြောတတ်တာ၊ တကယ်တမ်းက အင်ဂျင်နတ်တစ်လုံး ပြုတ်တာ။ ဆီပိုက်မလုံလို့ နှိုးမရတာအစ တပ်တွေက နားမလည်တော့ တပ်ခွဲမှူး ဗိုလ်မှူးစိန်ထွန်းနဲ့ ကကလျှပ်က ဂျီဝမ်းပေါင်းပြီး ကားတွေကို အလုပ်ရုံသွင်း ယာဉ်ပြင်ဆင်စရိတ် သိန်း ၂၀ ကျော် ၃၀ ကျော်တင် ရလာတဲ့ ပိုက်ဆံကျတော့ သူတို့နှစ်ယောက် ပေါင်းခွဲစားကြတယ်။ ဒီခေတ်မှာ ဘောင်ချာအတု လုပ်တာက လွယ်နေတော့ သူလုပ်စားလို့ ကောင်းနေတာ၊ တပ်မှူးတစ်ယောက်က ၃ နှစ်ဆို ပြောင်းသွားကြပြီ။ သူ့အလှည့် ကျ ၄ နှစ် လောက်တောင် ရှိပြီ”ဟု ၎င်းက မဲခေါင်သို့ ပြောသည်။
ထို့ပြင် ဗိုလ်မှူးစိန်ထွန်းသည် လက်အောက်ခံ တပ်များအားလည်း ကားပြင်ရန် အကြောင်းပြပြီး ငမကြာခဏ ငွေညှစ်မှုရှိကြောင်းလည်း ဆိုသည်။
“သူအနိုင်ကျင့်လို့ရတဲ့ တချို့တပ်တွေဆို မင်းတို့ကားက ပျက်စီးနေတာ အများကြီးပဲ၊ အပေါ်ကချပေးတဲ့ ပိုက် ဆံ နည်းနည်းနဲ့ ပြင်လို့မလောက်ဘူး။ မင်းတို့ တပ်ကလည်း ပိုက်ဆံ စိုက်ပေးရမယ်ဆိုပြီး အနိုင်ကျင့်တယ်။ တပ်ထောက် ဗိုလ်ကြီးတွေကလည်း လူကြီးတွေ ကြောက်တော့ သူပြောသမျှ ပိုက်ဆံပေးရတယ်”ဟု ၎င်းက ဆက်ပြောသည်။
ယခု အခြေအနေကို ကကလျှပ်မှ တာဝန်ရှိသူများနှင့် တိုင်းမှူး၊ တပ်မမှူးများကို သိစေလိုကြောင်းလည်း ၎င်းက ဆိုသည်။
ထို့ပြင် ဗိုလ်မှူးစိန်ထွန်းသည် ပိုက်ဆံမရသည့် လက်နက်နှင့် ဆက်စပ်ပစ္စည်း အလုပ်ရုံဆိုလျှင် လှည့်မကြည့်ဘဲ တပ်ခွဲတွင်လည်း ၎င်းနှင့် အဆင်ပြေသူကိုသာ နေရာပေးပြီး ၎င်းစိတ်တိုင်းကျ ခြယ်လှယ်နေကြောင်းလည်း သိရသည်။
#MeKongNews
#တပ်ပိုင်ယာဉ်
#စရိတ်များ
#ဗိုလ်မှူး
#ကကလျှပ်ဂျီဝမ်း
#ပေါင်းစား








