မဲခေါင်၊ ဒီဇင်ဘာ ၂၁
ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်နှင့် ပအိုဝ်းဒေသ ဟိုပုံး၊ ပင်လောင်းနှင့် ဆီဆိုင်မြို့နယ်များ၌ ဘိန်းစိုက်ခင်း စုစုပေါင်း ၂၆၈ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း စစ်ကောင်စီရဲတပ်ဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်သည်။
ယမန်နေ့ နံနက် ၇ နာရီမှ ညနေ ၃ နာရီခွဲထိ လွိုင်လင်မြို့နယ်၊ ဟွေတောက်ကျေးရွာအုပ်စု၊ တောင် ပါခါးကျေးရွာ၏ အနောက်တောင်ဘက် ၅ ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၇၃ ဧကခန့်၊ ဆဟောင်း ကျေးရွာအုပ်စု၊ ထီကတူကျေးရွာ၏ အရှေ့တောင်ဘက် ၄ ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၅၀ ဧကခန့်နှင့် ထီကတူကျေးရွာ၏ အရှေ့ဘက် ၃ ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၃၅ ဧကခန့်တို့အား ဖျက်ဆီးခဲ့သည်ဟု ထုတ်ပြန်က ဆိုသည်။
“ပင်လုံ ကျောက်တန်းဘက် ဧကသိန်းချီ ဖျက်တာတော့ မကြားသေးဘူး၊ ခုက ထုံးစံအတိုင်း ယောင်ပြ လုပ်ပြနေတာ။ မူးယစ်ဖမ်းပြနေတဲ့ ကျောက်တန်းလမ်း ဂိတ်တွေအနီးမှာကို အများကြီး” ဟု လွိုင်လင်မြို့နယ်ထဲ ပါဝင်သည့် ပင်လုံဒေသခံတစ်ဦးက မဲခေါင်ကို ပြောသည်။
ယင်းဘိန်းခင်းများသည် တောင်ကြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ ၁၇ မိုင်၊ ဟိုပုံးမှ ၇ မိုင်၊ ပင်လုံမှ ၄ မိုင်ခန့်သာဝေးသည့် ဟိုပုံးမှ ပင်လုံသွား ကျောက်တန်းလမ်းပေါ်တွင် ရှိပြီး မူးယစ်ဆေးရှာသည် ဆိုကာ အခွန်ကောက်နေသည့် PNO အပါအဝင် လက်နက်ကိုင် ၅ ဂိတ်ရှိကြောင်း ခရီးသွားကားများထံမှ သိရသည်။
လွိုင်လင်နှင့် အလားတူ နံနက် ၈ နာရီ ၄၅ မိနစ်မှ ညနေ ၄ နာရီ ၂၅ မိနစ်ထိ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအုပ်စု၊ လိုက်ကန်ကျေးရွာ၏ အရှေ့မြောက်ဘက် ၅ ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၂၁ ဧကခန့်၊ ပင်လောင်း မြို့နယ်၊ လိန်းညား ကျေးရွာအုပ်စု၊ တောင်လေးကျေးရွာ၏ အရှေ့တောင်ဘက် ၃ မိုင်ခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၄၀ ဧကခန့်နှင့် တောင်လေးကျေးရွာ၏ အရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၃၅ ဧကခန့်တို့ကို ဖျက်ဆီးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ထို့အတူ ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာအုပ်စု၊ ထမ့်ယမ်းကျေးရွာ၏အရှေ့တောင်ဘက် ၇ ဖာလုံခန့်အကွာရှိ သီး ပွင့်ဆဲ ဘိန်း စိုက်ခင်း ၇ ဧကခန့်နှင့် ထမ့်ယမ်းကျေးရွာ၏ တောင်ဘက် ၆ ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၇ ဧကခန့်တို့ကိုလည်း အသီးသီးဖျက်ဆီး ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
#MeKongNews
#လွိုင်လင်
#ပအိုဝ်းဒေသ
#ဘိန်းခင်း
#ဖျက်ဆီး








