မဲခေါင်၊ ဒီဇင်ဘာ ၂၀
ဖေ့စ်ဘွတ်ခ်တွင် နိုင်ငံရေးပိုစ့် မျှဝေသည်ဟုဆိုကာ ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ကျေးရွာ ဈေးထဲတွင် ဈေးရောင်းနေသော CDM ဆရာမတစ်ဦးအား ဒေသခံရဲ ဗိုလ်လုံးနှင့်အဖွဲက လာရောက် ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ဒီဇင်ဘာ ၁၉ ရက် မနက်ပိုင်းတွင် လာရာက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရပ်စောက်ကျေးရွာရှိ အချုပ်ခန်းတွင် တိုက်ပိတ် စစ်ဆေးနေကြောင်း သတင်းရင်းမြစ်က ပြောသည်။
“သူက ဒီလ ၁၃၊ ၁၄ ရက်လောက်က နိုင်ငံရေးနဲ့ ပက်သက်တာ ရှယ်ထားတာ။ ဒလန် Non-CDM က အဲဒီ CDM ဆရာမ နာမည်ပြောပြီး ဖမ်းဖို့သတင်းပေးတာ။ ဖုန်းစစ်တော့ သူ့အကောင့်မှာ နိုင်ငံရေးနဲ့ ပတ်သက်တာတွေ တင်ထားတာတွေ့သွားတယ်”ဟု သတင်းရင်းမြစ်တစ်ဦးက မဲခေါင်သို့ ပြောသည်။
ထို့ပြင် ပင်ဖြစ် ကျေးရွာတွင် နောက်ထပ် CDM ဆရာမ သုံးဦးကို ရွေးကောက်ပွဲမတိုင်ခင် ဖမ်းဆီးရန် ပညာရေးဝန်ထမ်း Non-CDM များက တိုင်ထားကြောင်းလည်း ကောလာဟလများ ထွက်နေသည်ဟု ဆိုသည်။
“အခု နောက်ထပ်သုံးယောက် ထပ်ဖမ်းမယ် သတင်းထွက်တော့ CDM လုပ်ထားတဲ့ သူတွေ စိုးရိမ် ကြောက်နေကြရတယ်။ တချို့ဆိုလည်း ရှောင်ကြတယ်၊ ဒလန်လုပ်တဲ့သူက ရွာခံတွေသိတယ်။ ရွာသားလည်း သူတို့ကို အရမ်းမုန်းနေကြတယ်”ဟု သတင်းရင်းမြစ်က ဆက်ပြောသည်။
ဖမ်းဆီးခံရသော CDM ဆရာမအား မိသားစုများနှင့်လည်း တွေ့ခွင့်မရဘဲ မည်သည့်ပုဒ်မဖြင့်လည်း တရားစွဲထားသည်ကို မသိရသေးကြောင်း ၎င်းက ပြောသည်။
ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ကျေးရွာနှင့် အနီးတစ်ဝိုက်တွင် စစ်ကောင်စီနှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ – RCSS၊ ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP၊ ပအိုဝ်းပြည်သူ့စစ် – PNO စသည့် လက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံ၏ ဆက်ကြေးကောက်ခြင်း၊ စစ်သား စုဆောင်းခြင်းများ ခံနေရကြောင်း ရွာခံများထံမှ သိရသည်။
#MeKongNews
#ရပ်စောက်
#နိုင်ငံရေးပိုစ့်
#CDM
#ဆရာမ
#အဖမ်းခံရ
ပုံ- ၂၀၂၁ ခုနှစ် ပင်ဖြစ်ကျေးရွာ ပညာရေးငှာနမှ ဆန္ဒပြ








