မဲခေါင်၊ ဒီဇင်ဘာ ၁၈
ကျားဖြန့်လုပ်နေသူ SSPP/SSA အဖွဲ့ဝင် ၃ ဦး၊ တရုတ်နိုင်ငံသား ၅ ဦးနှင့် မြန်မာ အမျိုးသမီးတစ်ဦးတို့ကို လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများ နှင့်အတူ သီပေါမြို့နယ်၊ ပန်စင်ကျေးရွာ အနီး၌ ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီက သတင်း ထုတ်ပြန်သည်။
ယမန်နေ့ ဒီဇင်ဘာ ၁၇ ရက်က ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်း လိမ်လည် လောင်းကစား လုပ်ငန်းများ အခြေပြု လုပ်ကိုင်နေကြောင်း သတင်းအရ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ယင်းနေရာ အနီးတစ်ဝိုက်သို့ ရောက်ရှိ စစ်ဆေးစဉ် မိုးကာတဲအတွင်းရှိ လက်နက်ကိုင် ၂ ဦးက စတင် ပစ်ခတ်ခဲ့သဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
ပစ်ခတ်မှုများ ရပ်တန့်သွားပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဝင်ရောက် ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင် ၃ ဦးကို AK – 47 တစ်လက်၊ M – 22 တစ်လက်၊ MK-12 တစ်လက်၊ ပွိုင့်-၂၂ တစ်လက်တို့နှင့် အတူ ဖမ်းဆီးမိခဲ့ ကြောင်း သိရသည်။
ထို့ပြင် ယင်းနေရာအား ဆက်လက် စစ်ဆေးရာ အွန်လိုင်းကျားဖြန့် လုပ်ကိုင်နေသူ တရုတ် အမျိုးသား ၅ ဦး၊ မြန်မာ အမျိုးသမီးတစ်ဦးတို့နှင့် အတူ ၎င်းတို့ နေထိုင် အသုံးပြုသော မိုးကာတဲကြီး ၁၇ လုံးနှင့် ကင်းတဲငယ်များ၊ All in one ကွန်ပျူတာ ၆ လုံး၊ လက်တော့ ၇၀ လုံး၊ ဖုန်းမျိုး စုံ ၁၆၀ လုံး၊ IPad ၁၀ လုံး၊ Router ၁၀ လုံး၊ Modern Stick ၃၇ ခု၊ မီးစက်သုံးလုံး၊ STAR LINK ဗန်း ၁၉ ခု၊ 4 X 4 WHEEL ၂ စီး၊ သရီးကရောင်းတစ်စီး စသည့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းမိခဲ့ကြောင်း ဆိုသည်။
ဖမ်းမိသူများထံမှ ထွက်ဆိုချက်များအရ ယင်းနေရာတွင် အွန်လိုင်းလိမ်လည်မှု လုပ်ကိုင်နေသူ ၂၀၀ ဦးခန့် ရှိပြီး ပစ်ခတ် တိုက်ခိုက်မှုများ ဖြစ်ပွားချိန်တွင် အနီးဝန်းကျင် အနှံ့ ထွက်ပြေး သွားခဲ့ကြောင်း သိရသည်။
ယင်းနေရာမှာ သီပေါမြို့မြောက်ဘက် ခလရ – ၂၃ အောက်ဘက်တွင်ရှိကြောင်း သိရသည်။
“ရှမ်းစိမ်းတွေ ဒဏ်ရာတွေနဲ့ မိတယ် ကြားတယ်၊ သူတို့ပဲ ကျားဖြန့်တွေကို ခိုင်းနေတာ။ အခုလည်း အများကြီး ကျန်သေးတယ်” ဟု သီပေါ၊ ပန်းတိမ်မြောက်ရပ် နေသူတစ်ဦးက မဲခေါင်သို့ ပြောသည်။
ယင်း သတင်းနှင့် ပတ်သက်ပြီး SSPP က မည်သည့် သတင်းမျှ ထုတ်ပြန်ခြင်းမရှိသေးပေ။
စစ်ကောင်စီကမူ တရုတ်နိုင်ငံသို့ ဖမ်းဆီးရမိသူများကို ပြန်လည် လွှဲပြောင်းပေးမည် ဖြစ်ကြောင်း ပြောကြားသည်။
မကြာသေးမီကလည်း ကျောက်မဲမြို့နယ်၊ တောက်ထိပ်ရွာ၌ SSPP နှင့် တိုက်ပွဲဖြစ်ပြီး ကျားဖြန့်များကို ဖမ်းမိခဲ့သေးသည်။
#MeKongNews
#သီပေါ
#ကျားဖြန့်
#SSPP
#တရုတ်နိုင်ငံသား
#ပစ်ခတ်ဖမ်းဆီး








