မဲခေါင်၊ ဒီဇင်ဘာ ၁၇
ပအိုဝ်းပြည်သူ့စစ် – PNO ၏မဲဆွယ်ပွဲကို တစ်အိမ်တစ်ယောက် အတင်းအဓမ္မ တက်ခိုင်းခဲ့ကြောင်း ဟဲဟိုး ဒေသခံများထံမှ သိရသည်။
ယင်းမဲဆွယ်ပွဲကို ရှမ်းပြည်တောင်ပိုင်း၊ ဟဲဟိုးမြို့၊ ကမ္ဘားနီ ကျေးရွာအုပ်စုတွင် ယခု ဒီဇင်ဘာ ဒုတိယပတ်အတွင်း ပြုလုပ်ခဲ့ပြီး PNO ၏ ကလော ပြန်ကြားရေးအဖွဲ့မှ ခွန်ထွိုက်ခမ်းက ရွာသူကြီးများမှ တစ်ဆင့် အမိန့်ပေးပြီး တက်ခိုင်းခဲ့ကြောင်း ဒေသခံများက ပြောသည်။
“PNO အဖွဲ့ဝင် ခွန်ထွိုက်ခမ်းက ရွာသူကြီးကို တစ်အိမ် တစ်ယောက် သွားပေးဖို့ ပြောတယ်၊ မသွားလို့ လုံးဝ မရပါဘူး။ ပအိုဝ်းလူမျိုး ဖြစ်ရင် အခု PNO စည်းရုံးပွဲကို သွားရပါမယ် ဆိုပြီး အမိန့်ပေးပြီး သွားခိုင်းတယ်။ ရွာသားတွေကလည်း တကယ်လို့ မသွားခဲ့ရင် ရွာမှာ လူမှုရေးတွေ ရပ်ရေး ရွာရေးတွေ ပစ်ပယ်ခံရမှာ စိုးလို့ အိမ်တိုင်း သွားခဲ့ရတယ်”ဟု ဒေသခံ ရွာသားတစ်ဦးက မဲခေါင်သို့ ပြောသည်။
ယခုကဲ့သို့ အတင်းအဓမ္မ တက်ခိုင်းသောကြောင့် ရွာသားတချို့ အလုပ်ပျက်ခံပြီး သွားရကြောင်း ၎င်းက ဆို သည်။
“အခုက မအားတဲ့ အချိန်လေ စိုက်ပျိုးတဲ့ ပြောင်း၊ ကြက်သွန်ဖြူ သိမ်းနေတဲ့ အချိန်မလို့ အိမ်မှာ လူကြီးမရှိရင်တော့ အလုပ်ပျက်ခံပြီး ကိုယ်တိုင် သွားရတယ်။ အိမ်မှာ အဖိုး၊ အဖွားရှိရင်တော့ သူတို့ကိုပဲ သွားခိုင်းတယ်။ အဖိုး၊ အဖွားတွေလည်း ကြက်သွန်ဖြူခွာပြီး သွားနားထောင်လိုက်တယ် ပြောတယ်။ PNO ကို ဘယ်သူမှ မကြိုက်ဘူး၊ သူတို့ လက်နက်ကို ကြောက်နေရလို့သာ သူတို့ ပြောသမျှ တိတ်တိတ်လေး နေနေရတာ၊ အဆင် မပြေပါဘူး။ စစ်သား အတင်းအဓမ္မ စုဆောင်း၊ ငွေအရမ်း ကောက်တော့ ရွာကလူတွေ သူတို့ကို တော်တော် ရွံနေကြပြီ “ဟု ၎င်းက ဆက်ပြောသည်။
PNO သည် ပအိုဝ်းဒေသ ကျေးရွာများတွင် မဲဆွယ်သည့်အခါ တစ်အိမ်တစ်ယောက် မသွားမနေရ အမိန့်ပေးသည့် အပြင် ကျေးရွာရှိ အပျို၊ လူပျိုများကိုလည်း ကန်တော့ပွဲ၊ အိုးစည်များဖြင့် ကြိုရန်လည်း အမိန့်ပေးလေ့ ရှိကြောင်း ဒေသခံများထံမှ သိရသည်။
PNO ပါတီကို စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ထိပ်ပိုင်း ခေါင်းဆောင်များဖြစ်သည့် ခွန်သိန်းဖေ၊ ခွန်စံလွင်၊ နေဝင်းထွန်းတို့က ဦးဆောင်နေသည်။
#MeKongNews
#ဟဲဟိုး
#PNO
#မဲဆွယ်ပွဲ
#ကမ္ဘားနီ








