မဲခေါင်၊ ဒီဇင်ဘာ ၁၇
ရှမ်းမြောက်၊ လားရှိုးမြို့တွင် စစ်ကောင်စီတပ်က ပြည်သူတစ်ဦးအား ပစ်ခတ်သတ်ဖြတ်ပြီး လမ်းပေါ် ပစ်ထားခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
ဒီဇင်ဘာ ၁၅ ရက်တွင် လားရှိုးမြို့၊ (၅) ရပ်ကွက်၊ ၃၉ လမ်းတွင် စစ်ကောင်စီတပ်က မူးယစ်ဆေးဝါး သုံးစွဲသူများကို လိုက်လံ ဖမ်းဆီးသည် ဟုဆိုကာ ပြည်သူတစ်ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူ မည် သူဆိုသည်ကို မသိရသေးကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောသည်။
“ပစ်သတ်ခံရတဲ့သူက တကယ် မူးယစ်ဆေးဝါး သုံးနေတဲ့သူ ဟုတ် မဟုတ် အတိအကျ ပြောလို့မရပါဘူး။ မူးယစ်သုံးစွဲတာနဲ့ ပစ်သတ်လို့ ရတယ်လို့လည်း ကျနော် မကြားဖူးပါဘူး။ ဖမ်းဆီး အရေးယူတာဆို ဘာမှ မပြောလိုပါဘူး။ အခုက ပစ်သတ်ပြီး လမ်းပေါ်မှာပဲ ပစ်ထားတယ်။ နောက်မှ မြင်မကောင်းလို့ လူအချို့က လမ်းဘေးကို ရွှေ့ထားလိုက်တာ။ သေဆုံးသူ ဘယ်သူလဲတော့ မသိရသေးဘူး” ဟု လားရှိုးဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် မူးယစ်ဆေးဝါး သုံးစွဲသူများကို ဖမ်းဆီးသည်ဟု ဆိုကာ လူအချို့ကိုလည်း ဖမ်းဆီးသွားခဲ့ပြီး ဖုန်းနှင့် ငွေများကို သိမ်းယူထားကြောင်း သတင်း ရင်းမြစ်တစ်ဦးက ပြောသည်။
ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူကို ဒီဇင်ဘာ ၁၆ ရက် မနက် ၁၁ နာရီအထိ လာရောက် သယ်ယူခြင်း မရှိသေး ကြောင်းလည်း သတင်းရင်းမြစ်ထံမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက်တွင်လည်း စစ်ကောင်စီတပ်က မူးယစ်ဆေးဝါး သုံးစွဲသူကို ဖမ်းဆီးသည် ဟုဆိုကာ အမျိုးသားတစ်ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့သည်။
လားရှိုးမြို့ကို စစ်ကော်မရှင်က ပြန်လည် ထိန်းချုပ်ပြီးနောက် လောင်းကစားဝိုင်းများ မူးယစ်ဆေးဝါးများလည်း ပေါများလာပြီး လောင်းကစားဝိုင်းများက စစ်ကောင်စီအား တစ်လ ကျပ်သိန်း ၃၀၀ အထိ ဆက်ကြေး ပေးကာ ပြောင်ပြောင်တင်းတင်း ဖွင့်လှစ်လာကြသည်။
#MeKongNews
#လားရှိုး
#ပြည်သူ
#စစ်ကောင်စီ
#ပစ်ခတ်








