မဲခေါင်၊ ဒီဇင်ဘာ ၁၀
စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် – စကခ ၂ မိုင်းနောင် နှင့် ၁၀ မိုင်ကျော်သာ အကွာရှိ နေရာသို့ ကျားဖြန့် ငွေလိမ်ဂိုဏ်းများ ရောက်နေပြီး ၎င်းတို့ကို စစ်ကောင်စီက မျက်နှာလွှဲနေကြောင်း မဲခေါင် သတင်းရင်းမြစ်များက ပြောသည်။
ရှမ်းတောင်၊ ခိုလမ်မြို့နှင့် ၁၀ မိုင်ကျော် အကွာရှိ မိုင်းလင်း၊ နောင်တောင်းစသည့် ကျေးရွာများအနီးတွင် ကျားဖြန့်များက စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်များ၊ လက်နက်ကိုင် တပ်ဖွဲ့များ၏ အကာအကွယ် ယူကာ ဆက်လက် လုပ်ကိုင်နေကြောင်း သတင်းရင်းမြစ်များက ပြောသည်။
“တခြားနေရာတွေမှာ သူတို့တွေ ဟန်ပြ ဖမ်းနေတာတွေ တွေ့ရပေမယ့် သူတို့နဲ့ သိပ်မဝေးတဲ့ အဲဒီနေရာကျ ဖမ်းတာ မကြားရသေးဘူး။ ကျားဖြန့်တွေ ရှိတဲ့ဘက်ကို လူထုတွေလည်း သွားလို့မရဘူး၊ ကျားဖြန့်တွေ တော်တော် များတယ်လို့ သိရပေမယ့် သူတို့ရှိတဲ့ဘက် သွားလို့မရတော့ အတိအကျ မသိရဘူးပေါ့။ အသေးတွေပဲ ဖမ်းပြပြီး အကြီးတွေကို လွှတ်ထားတာ ထင်တယ်”ဟု သတင်းရင်းမြစ်တဦးက ပြောသည်။
ယင်းနေရာများသည် ကွန်ဟိန်း၊ ခိုလမ်၊ မိုင်းနောင်ကြားတွင် တည်ရှိကြောင်း သိရသည်။
ကျားဖြန့်များအတွက် လိုအပ်သည့် စားသောက်ကုန်များကို ပြည်သူ့စစ်များက ဖိုးဝီးကားများဖြင့် ပို့ပေးနေသည်ဟု သတင်းရင်းမြစ်များက ပြောသည်။
“ဖိုးဝီးကားတွေနဲ့ စားသောက်ကုန်တွေကို ခဏခဏ မြို့ကနေ သယ်လာပေးတာ။ ရွာသားတွေတော့ မကြိုက်ဘူး ရွာကိုထိခိုက်မှာ စိုးရိမ်ကြတယ်လေ”ဟု သတင်းရင်းမြစ်က ပြောသည်။
ရှမ်းပြည်မြောက်ပိုင်းမှ ၁၀၂၇ စစ်ဆင်ရေးကြောင့် ထွက်ပြေးလာရသည့် ကျားဖြန့်များသည် ရှမ်းတောင်သို့ ပြောင်းရွှေ့ကာ စစ်ကောင်စီ၊ ပြည်သူ့စစ်နှင့် လက်နက်ကိုင်များ၏ အကာကွယ်များကို ယူကာ ငွေလိမ်လုပ်ငန်းများ ဆက်လက် လုပ်ကိုင်နေကြောင်း သိရသည်။
#MeKongNews
#မိုင်းနောင်
#စကခ၂
#ကျားဖြန့်
#စစ်ကောင်စီ








