မဲခေါင်၊ ဒီဇင်ဘာ ၁၀
ရှမ်းပြည်၊ မိုင်းကိုင်မြို့နယ်ရှိ ကျားဖြန့်ရုံ အနီးတွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။
ယင်းမှာ မိုင်းယွန်းတိုက်နယ်၊ နာဟွယ်ကျေးရွာ အနီး ဒီဇင်ဘာ ၇ ရက်တွင် ဖြစ်ပွားခဲ့ပြီး ထိခိုက် ဒဏ်ရာရသူများ ရှိကြောင်း သိရသော်လည်း လက်နက်ကိုင်များ စောင့်ကြပ် နေခြင်းကြောင့် စုံစမ်းရန် ခက်ခဲကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
“ဆေးဝါးတွေ ဝယ်တာတော့သိတယ်၊ ကြားတာက တောထဲမှာပဲ သူတို့ဟာသူတို့ ကုကြတယ်လို့ ကြားတယ်။ အပြင်ကို ပေးမထွက်ဘူး။ သေတာတွေလည်း အဲဒီမှာပဲ မြှုပ်ကြတယ်တဲ့၊ တချို့လည်း မီးသင်္ဂြိုဟ်တယ် ပြောတယ်။ မိုင်းက ထွက်ပြေးရင် ထိအောင်၊ တခြားလူတွေ မလာရဲအောင် ထောင်တယ်လို့ ပြောတယ်။ ဒေသခံတွေ သူတို့အနား မသွားရဲကြဘူး” ဟု မိုင်းကိုင် ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
နာဟွယ်ရွာမှာ မိုင်းကိုင်မြို့နယ် အနောက်ဘက် အစပ်၊ ရပ်စောက်မြို့နယ် အစပ်နားတွင် ရှိပြီး မိုင်းခွန်ဘက်မှ ကျားဖြန့်များ ပြောင်းရွှေ့ ရောက်ရှိနေသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက်မှ ၂၆ ရက်အတွင်း မိုင်းနောင်မြို့နယ်ရှိ နောင်တောက်ကျေးရွာ၊ ကောင်းဟိုင်းကျေးရွာနှင့် ဝမ်ကျောင်းကျေးရွာများ အနီးတွင် စစ်ကောင်စီတပ်က ကျားဖြန့် ၃၄ ဦးနှင့် လက်နက်များ ဖမ်းဆီးပြီး အဆောက်အအုံများကို ဖျက်ဆီးခဲ့သေးသည်။
#MeKongNews
#မိုင်းကိုင်
#ကျားဖြန့်ရုံ
#မိုင်းကွဲ
#နာဟွယ်








