မဲခေါင်၊ ဒီဇင်ဘာ ၁၀
ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့မှ နာရေးများတွင် ဖဲဝိုင်းသာမက လေးကောင်ဂျင်ဝိုင်းများ၊ ဂလုံးဂလုံးဝိုင်းများ ထည့်သွင်းကာ အစားအသောက်များပါ ရောင်းချပြီး လောင်းကစားပွဲတော်အဖြစ် အသွင်ပြောင်းလာနေကြောင်း မဲခေါင် သတင်းရင်းမြစ်များထံမှ သိရသည်။
ယခင်က နာရေးအိမ်၌သာ အစောင့်သဘောမျိုး အပျော်တမ်း ဖဲဝိုင်းများသာ ရှိသော်လည်း ယခုတွင် လက်ကြီး လောင်းကစားဒိုင်များက ပွဲတော်သကဲ့သို့ လောင်းကစားဝိုင်း ဖွင့်နေခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ဟိုပုံးမှာ နေလာတာ တစ်သက်ရှိပြီ။ အသုဘမှာ အရက် ဘီယာ စားသောက်စရာတွေပါ ရောင်းပြီး လောင်းကစား လုပ်တာ၊ လေးကောင်ဂျင်ဝိုင်း၊ ဂလုံးဂလုံးဝိုင်းတွေပါ ထောင်ပြီး လောင်းကစားလုပ်တာ အခု စစ်အာဏာသိမ်းပြီးမှ တွေ့ဖူးတော့တယ်” ဟု ဟိုပုံး ဒေသခံတစ်ဦးက ပြောသည်။
ယင်းနာရေးများတွင် ၇ ရက် ပတ်လည် လောင်းကစား အကြီးအကျယ် ထည့်နိုင်ရန် ဒိုင်များက စစ်ကောင်စီနှင့် PNO များကို သိန်းရာဂဏန်း အထိ ဆက်ကြေးပေးပြီး လုပ်ဆောင်ကြသဖြင့် အဖမ်းအဆီး အစစ်အဆေးမရှိ လုပ်ဆောင်နိုင်ကြောင်းလည်း သတင်းရင်းမြစ်များထံမှ သိရသည်။
“နာရေးရှိပြီဆို လောင်းကစားက ၇ ရက် ၇ လီ ရက်လည်တဲ့အထိကို ရှိနေတာ။ နယ်ထိန်းကိုရော PNO ကိုရော တစ်ဖွဲ့ကို သိန်းတစ်ရာကျော် အနည်းဆုံး ပေးစားထားတော့ ဘယ်သူမှလည်း လာမစစ်ဘူး” ဟု နာရေး လောင်းကစားဝိုင်းသို့ ကိုယ်တိုင်ရောက်ဖူးသူ ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်း ရှမ်းပြည်တွင် နေရာအနှံ့ လောင်းကစားဝိုင်းများ ပိုများလာပြီး ခိုး၊ ဆိုး၊ လုယက်မှုများလည်း တိုးလာနေသည်။
#MeKongNews
#ဟိုပုံး
#နာရေး
#လောင်းကစားဝိုင်း
#အသွင်ပြောင်း








