မဲခေါင်၊ ဒီဇင်ဘာ ၄
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ ကုန်းပေါင်းကျေးရွာကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်သား ၂၀ ဦးသေဆုံးပြီး သေနတ် ၂၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း KNDF တပ်ရင်း – ၁၂ က ဒီဇင်ဘာ ၃ ရက်တွင် သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက် တွင် ယင်းနေရာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေး တပ်ဖွဲ့များက လမ်းပိုင်းတစ်နေရာတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“သူတို့ဘက်က အသေပျောက်က ၂၀ နီးပါး သေဆုံးတယ်။ စစ်ကြောင်းက လင်ဖုံကြီးရွာက ထွက်လာတဲ့ စစ်ကြောင်းပါ။ သူက ကိုယ်တွေ ခံစစ်ပြင်ထားတဲ့ ရွာကို ဝင်တိုးတာ ချေမှုန်းရေးနဲ့ Drone ပေါင်းပြီး ပြန်တွယ်ခဲ့နိုင်တာပါ။ လက်ရှိမှာ သူတို့က လင်ဖုံရွာထဲမှာပဲ ရှိပါတယ်”ဟု အမှတ် (၁၀၀၅) တပ်ရင်း၊ ရှမ်း တောင် PDF မှ တာဝန်ရှိသူက ပြောသည်။
လင်ဖုံကြီး၌ စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရမှုတွင် လက်ရှိအချိန်အထိ သေဆုံးသူ ၈၀ ဝန်းကျင် ရှိပြီဟု KNDF၊ B- 12၊ တပ်ခွဲ – ၁ ရုံးဦးစီးက မဲခေါင်သို့ ပြောသည်။
“အပြုံလိုက်ကျတယ်၊ သေသွားတဲ့ ကောင်တွေကိုကျတော့ ဒီတိုင်းထားခဲ့တယ်။ နည်းနည်းထိတဲ့ ကောင်တွေကျ ပြန်ဆွဲပြေးတယ်လေ။ သေတဲ့ ကောင်တွေက တပ်ကြပ်ကြီး အဆင့်ထိပဲ တပ်ကြပ်တွေကို ကျတော့ သေတာမြင်ရတယ်” ဟု ၎င်းက ဆိုသည်။
ယင်းတိုက်ခိုက်မှုကို KA၊ KNDF နှင့် PDF တပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီ စစ်ကြောင်းမှာ လင်ဖုံရွာထဲ၌ပင် ရှိနေသေးကြောင်း သိရသည်။
#MeKongNews
#ကရင်နီ
#စစ်ကောင်စီ
#သေဆုံး
#KNDF








