မဲခေါင်၊ ဒီဇင်ဘာ ၄
တရားမဝင်ကုန် ဟုဆိုကာ ကုန်ကားများအား စစ်ကောင်စီ၏ အဖမ်းအဆီးများ နေသော်လည်း အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် – ရပခ ဂျီဝမ်းက SSPP နှင့် PNO အမည်ခံခိုင်းကာ လာဘ်ယူပြီး လွှတ်ပေးမှုများ ယခုအချိန်အထိ ရှိနေဆဲဖြစ်ကြောင်း ယင်းလမ်းကြောင်းကို သိသူများက မဲခေါင်သို့ ပြောသည်။
ယခင် ရပခ တိုင်းမှူး ဗိုလ်ချုပ်နိုင်ဇော်ဦးအား ဖမ်းဆီး အရေးယူပြီးနောက် စစ်ဌာနချုပ် အတွင်းရှိ တာဝန်အရှိဆုံး အရာရှိကြီးအဆင့်တွင် ပါဝင်သည့် ဂျီဝမ်း တစ်ဦးဖြစ်သူ ဒုတိယဗိုလ်မှူးကြီး သက်ဦးသည် ရှမ်းမြောက်၊ လားရှိုး မှောင်ခိုလမ်းဖြစ်သည့် နမ့်လန် – အင်တော – ကျောက်ဂူ – ရပ်စောက် – အောင်ပန်း လမ်းကြောင်းများအား အသုံးပြုကာ SSPP နှင့် PNO တို့ကို အမည်ခံခိုင်းပြီး တရားမဝင် လာဘ်ငွေများ ရယူနေဆဲဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။
တိုင်စစ်ဌာနချုပ်များတွင် စစ်ဦးစီးမှူး – ပထမတန်း အဆင့် ဒုတိယဗိုလ်မှူးကြီးများကို ဌာနအလိုက် ခွဲခြား ခန့်ထားရာ ဒုဗိုလ်မှူးကြီးသက်ဦးမှာ ပြည်သူ့စစ်ဌာန တာဝန်ခံဖြစ်ကြောင်း သိရသည်။
“နမ့်လန်ကနေ အောင်ပန်းအထိ ၁၂ ဘီး ကားတစ်စီးကို သိန်း၂၀၀ ကောက်ခံခိုင်းပြီး SSPP နှင့် PNO ပအိုဝ်း ပြည်သူ့ စစ်များထံက ပြန်လည် ဝေစု ခွဲဝေလျက်ရှိတယ်” ဟု အကြောင်းသိသူ တစ်ဦးက မဲခေါင်သို့ ပြောသည်။
ရှမ်းမြောက်မှ ကုန်များ ပိတ်ထားသည် ဆိုသော်လည်း ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ရက် နံနက် ၇ နာရီခန့်တွင် ရပ်စောက်မြို့ကို ရှောင်ကွင်း၍ ရေဖြူရွာ လမ်းကြောင်းအတိုင်း ကားအစီးရေ ၃၀ ကျော် အောင်ပန်းဘက်သို့ ကုန် စည်များ တင်ဆောင် ထွက်ခွာသွားကြောင်း မျက်မြင်များက ဆိုသည်။
တိုင်းလက်အောက်ခံ နယ်မြေများအတွင်း တရားမဝင်လုပ်ငန်းများဖြစ်သည့် မှောင်ခို လုပ်ငန်းများ၊ ကုန်စည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအား PNO တာဝန်ရှိသူများနှင့် အဓိက ပူးပေါင်းကာ ဆိုင်ရာ လမ်းကြောင်းများမှ တစ်ဆင့်လည်းကောင်း၊ တိုင်းလက်အောက်ခံ နယ်မြေများသို့ လည်းကောင်း အခကြေးငွေ အဆမတန် ရယူ၍ အောင်ပန်းမြို့သို့လည်းကောင်း သယ်ယူ ပို့ဆောင်ပေးနေကြောင်း သိရသည်။
ထို့ပြင် အခြား ကားများအားလည်း အနေအထားအမျိုးမျိုးအလိုက် တပ်နယ်မှူးကြေး၊ တပ်နယ်ကြေး၊ ဂိတ်ကြေး၊ စသဖြင့် နေ့စဥ် ဖြတ်သန်းလျက်ရှိသော ကုန်တင်ကားကြီး၊ ကားငယ် အမျိုးမျိုးထံမှလည်း အချိန်အခါအလိုက် အသင့် အနေအထားဖြင့် ငွေကြေးရယူ၍ အောက်ခြေ တပ်မှူးများကလည်း ကြီးစဥ်ငယ်လိုက် လက်ဝါးချင်းရိုက်ပြီး လွှတ်ပေးနေသည်ဟု ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းက သစ်တင်ကား ၉ စီးကို ငွေယူပြီး လွှတ်ပေးခဲ့သည့် ကိစ္စဖြင့် သစ်တောနှင့် ဂိတ်တာဝန်ကျ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ဖမ်းဆီးကာ ခုံရုံးဖွဲ့ စစ်ဆေးနေကြောင်း တပ်တွင်း သတင်းအရင်းအမြစ်ထံမှ သိရသည်။
“အခု ဂိတ်တာဝန်ကျ လက်အောက် ငယ်သားတွေကို အဲလို ဂိတ်မှာ တောင်းရကောင်းလား၊ ကားတွေ လွှတ်ရကောင်းလား ဆိုပြီး အချုပ်ထဲ ထည့်တယ်။ အဲလို လုပ်ခိုင်းတာက အပေါ်က အရာရှိတွေလေ၊ သူတို့ကျ တစ်ယောက်မှ အဖမ်းမခံရဘူး။ ဗိုလ်ကြီး၊ ဗိုလ်မှူးတွေ အကုန်လွတ်နေတာ”ဟု စစ်ဆေးရေးဂိတ်များတွင် အမိန့်အရ တာဝန်ကျ လုပ်ဆောင်ရပြီး ဖမ်းဆီးခံထားသည့် တပ်မိသားစုဝင်တစ်ဦးက မဲခေါင်သို့ ပြောသည်။
ရှမ်းမြောက်၊ နောင်ဝိုးမှ ရပ်စောက် အထိ စစ်ဆေးရေးဂိတ်ကြီးများမှာ ၁၈ မိုင်ဂိတ်၊ မင်းကြီးသုံးပါးဂိတ်၊ ပ စောက်ကွေ့ဂိတ်များ ရှိပြီး အောင်ပန်း အထိ SSPP၊ PNO ဂိတ်များကိုလည်း ဖြတ်သန်းကြရကြောင်း ကုန်သည်များ ထံမှ သိရသည်။
ယင်းဂိတ်များမှ အကြောင်းအမျိုးမျိုး ပြ၍ အထက်သို့ ဖား၍ အခကြေးငွေယူပြီး လွှတ်ပေးနေဆဲဖြစ်ကာ ရပခ တိုင်းမှူးအား စစ်ကောင်စီက ဖမ်းဆီးခဲ့သော်လည်း ယင်းကိစ္စများဖြင့်ပင် ဆက်လက်ကြီးပွားနေသော မှောင်ခို လုပ်ငန်းများ ပိုမိုကြီးထွား နေသည့်အပေါ် စစ်တပ် အသိုင်းအဝိုင်းက ဝေဖန်နေကြသည်။
#MeKongNews
#SSPP
#PNO
#ရပခဂျီဝမ်း
#လာဘ်ယူ








