မဲခေါင်၊ ဒီဇင်ဘာ ၄
စစ်ကောင်စီနှင့် PNO ကို တစ်အိမ်လျှင် ကျပ် ၃သိန်းဆက်ကြေးပေး၍ စိုက်ရသော ဘိန်းခင်း ဧကများစွာမှာ နှင်းကျစောသဖြင့် ပျက်စီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်း၌ ဘိန်းစိုက်ပျိုးခွင့်ရရန် ရဲ၊ စစ်တပ်နှင့် PNO တို့အား တစ်အိမ် ၃ သိန်းကျပ် တောင်သူများက ဆက်ကြေး ပေးကာ စိုက်ပြီးရခြင်းဖြစ်ပြီး နိုဝင်ဘာ နောက်ဆုံးပတ်တွင် နှင်းများ စတင်ကျခဲ့ပြီး ဘိန်းခင်းများ နှင်းရည် ထိခြင်းကြောင့် အပင်ခြောက်သွားခြင်း၊ ဘိန်းအစေးများ မထွက်ခြင်းတို့နှင့် ကြုံရသဖြင့် တောင်သူများ အထိနာခဲ့ကြောင်း ဒေသခံများက ဆိုသည်။
“မြေနိမ့်ပိုင်းဆိုရင် လုံးဝမရတော့ဘူး၊ နှင်းရည်ကျပြီး အပင်တွေ သေကုန်တယ်။ တောင်ပေါ် အမြင့်ပိုင်းဆိုလည်း အရမ်းအေးတော့ အစေးက မထွက်ဘူး။ ဘိန်းစိုက်တာက အရင်းနှီးအများကြီး ကုန်တယ်။ ဒီနှစ်က ဈေးလည်းမရှိတော့ ထုတ်ရောင်းရင် အရင်းတောင် ကျေမလားမသိဘူး”ဟု ဒေသခံ တောင်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။
နှင်းရည်များ ကျခြင်းကြောင့် ထီတလိ၊ စင်းတောင်း၊ ဝါးလီ၊ တင်းထက်၊ တောင်လေး၊ ထီဗိရှိ စိုက်ခင်းများ အကုန် ပျက်စီးသွားခဲ့ပြီး ခန့်မှန်းခြေ ဧကတစ်ထောင်ကျော်ကြောင်း ဒေသခံများက ပြောသည်။
“အခွန်လည်း ဈေးကြီးတယ်။ အရင်ဆို တစ်နှစ်ကို တစ်သိန်းကျော်ကျော်ပဲ ကျတာ။ ခုနှစ်က ၃ သိန်းတောင် ပေးရတယ်။ အခွန် ဆောင်ပြီးတာတောင် သူတို့ မိုင်ရှည်သွားတဲ့ချိန် စစ်ကြောင်း ထိုးလာတဲ့ချိန်နဲ့ တိုးရင် လူကိုဖမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေလည်း ရှိသေးတယ်”ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
ပင်လောင်းမြို့နယ်ထွက် ဘိန်းသည် အရည်အသွေး ကောင်းမွန်ပြီး တစ်ဧက ၈ ကီလိုဂရမ်အထိ ထွက်ကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့်နှစ်တွင် ဘိန်းစိမ်း တစ်ပိဿာ ၁၀ သိန်းကျပ်အထိ ရသော်လည်း ယခုနှစ်တွင် ဘိန်းစိမ်း တစ်ပိဿာ ၆ သိန်း သာရကြောင်း ဒေသခံများထံမှ သိရသည်။
မြန်မာနိုင်ငံ၌ ၂၀၂၅ ခုနှစ်အတွင်း တရားမဝင် ဘိန်းထုတ်လုပ်မှု တန်ချိန် တစ်ထောင်ကျော် ရှိခဲ့သောကြောင့် ကမ္ဘာတဝန်း အမြင့်ဆုံးတွင် ရှိကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံးက ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်ထားသည်။
#MeKongNew
#ပင်လောင်း
#နှင်းကျစော
#ဘိန်းခင်း
#ပျက်စီး








