မဲခေါင်၊ ဒီဇင်ဘာ ၁
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နန်းပန်ကျေးရွာ အမှတ် (၁) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ပြည့်စုံဝင်းဆိုသူက ကေတီဗီတွင် ဘောက်ချာပေါ် တံဆိပ်တုံးနှိပ်ပြီး အကြွေးမှတ်ခဲ့သဖြင့် ကေတီဗီမှ မိန်းကလေးများက အိမ်အထိ လိုက်တောင်းခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
၎င်းသည် ပြီးခဲ့သည့်ရက်ပိုင်းက အေးသာယာမြို့ပေါ်ရှိ ကေတီဗွီတစ်ခုတွင် သွားရောက်ပျော်ပါးပြီး ပိုက်ဆံမလောက်၍ အုပ်ချုပ်ရေးမှူး စည်းတံဆိပ်ဖြင့် အကြွေးမှတ်ထားခဲ့ရာ နောက်ရက်တွင် မိန်းကလေး ၃ ဦးက ဘောက်ချာဖြင့် ၎င်းအိမ်သို့ လာရောက်တောင်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
“အဲဒီကိစ္စကို ဦးပြည့်စုံဝင်းရဲ့ မိန်းမ သိသွားလို့ ကွဲမယ်ကွာမယ်လုပ်ပြီး ထွေအုပ်ရုံးဆီ ရောက်သွားတယ်။ သူသွားပျော်ပါးတဲ့ ငွေတွေက အင်းလေးငလျင်ဘေး ဖြစ်ပွားစဥ် အလှူရှင်တွေက လှူဒါန်းလာတဲ့ အလှူငွေတွေနဲ့ စစ်မှုထမ်းအတွက် ငွေကြေးကောက်ခံထားတာတွေ၊ ရှင်းတမ်းတွေ ဘယ်သူ့ကိုငှားပြီး ဘယ်လောက် ပေးလိုက်ရတယ် ဆိုတာကို ရွာက မေးမြန်းကြချိန် အုပ်ချုပ်ရေးမှူး မလုပ်တော့ဘူးဆိုပြီး စည်းတံဆိပ်တုံးများ ထားခဲ့ပြီး အိမ်ပြန်သွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
၎င်းသည် အင်းလေးငလျင်ဘေး ဖြစ်ပွားစဥ် အလှူရှင်များက လှူဒါန်းသော အလှူငွေများကို ၎င်းနှင့် သဟဇာတ ဖြစ်သူများနှင့် ဆွေမျိုးများကိုသာ ခွဲဝေပေးပြီး ကျန်ငွေများကို ကိုယ်ကျိုးစီးပွားအတွက် သုံးစွဲခဲ့သကဲ့သို့ ရွာအတွက် ချပေးသည့် ငွေများကိုလည်း မိသားစုအတွက် လိမ်ညာ သုံးစွဲခဲ့သည်ဟု ဆိုသည်။
ထို့ပြင် ရွာခံများ စောဒက မတက်နိုင်အောင် စစ်မှုထမ်းဖြင့် ခြိမ်းခြောက်နေကြောင်းလည်း သိရသည်။
ယင်းကိစ္စများအပေါ် ထွေ/အုပ်ရုံးသို့ တိုင်ကြားထားသော်လည်း ယခုအထိ ထိရောက်သည့် ဖြေရှင်းမှုမရှိသဖြင့် မကျေနပ်ကြောင်း ရွာခံများက ဆိုသည်။
#MeKongNews
#ညောင်ရွှေ
#ရပ်ကွက်အုပ်ချုပ်ရေးမှူး
#ကေတီဗီ
#အကြွေးမှတ်








