မဲခေါင်၊ ဒီဇင်ဘာ ၁
ကျားဖြန့်နှင့် ဆက်စပ်သူများဟုဆိုကာ ရှမ်းပြည်မှ ၁၃/ မှတ်ပုံတင် ကိုင်ဆောင်သူ ရာနှင့်ချီကို ဘားအံနှင့် မော်လမြိုင် အထွက်များတွင် စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများထံမှ သိရသည်။
နိုဝင်ဘာ ၃၀ ရက်အထိ အဖမ်းခံထားရသူ ၁၀၀ ကျော်ရှိနေပြီး အများစုမှာ ရှမ်းပြည်မြောက်ပိုင်းမှ ဖြစ်ကာ နယ်မြေဒေသ မအေးချမ်းမှုနှင့် အလုပ်အကိုင် ရှားပါးမှုကြောင့် အလုပ်လာရှာသူများအပြင် သာမန် ခရီးထွက်သူများပါ ပါဝင်နေကြောင်း သိရသည်။
“မနေ့ကအထိ အဖမ်းခံရတာ အတော်များတယ်။ ဘားအံအထွက်ဂိတ်မှာ ၁၃/ရယ် ၉/ရယ် အဖမ်းခံရတာ ၁၀၀ ကျော်တယ်။ မော်လမြိုင်၊ သထုံအထွက်ဂိတ်မှာ အဖမ်းခံရတာ” ဟု လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက မဲခေါင်သို့ ပြောသည်။
ထို့ပြင် အဖမ်းခံရသူများ၏ ဖုန်းများကိုဖွင့်ခိုင်းပြီး Kpay ကဲ့သို့ အကောင့်များတွင် ကျပ် ၁၀ သိန်းကျော်ရှိပါက အသိမ်းခံနေရပြီး အများစုမှာ အမျိုးသမီးများဖြစ်ကြောင်း သိရသည်။
“လူတစ်ယောက်ကို ဖမ်းဆီးဖို့က ပြစ်မှုနဲ့ ဖမ်းဆီးခွင့်ဝရမ်းတို့ရှိမှ ဖမ်းရမှာ၊ အခုက ဘယ်မြို့ဘယ်ရွာက နေတယ်လာတယ် ဆိုတာနဲ့ ဖမ်းတာဟာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရသလို လူမျိုးရေး ခွဲခြားခံနေရတာပါ။ ဥပဒေအရ အပြစ်ရှိကြောင်း သက်သေမပြနိုင်ဘဲနဲ့ လူမျိုးဒေသအလိုက် ခွဲပြီးဖမ်းဆီးနေတာဟာ စကစရဲ့ ဥပဒေမဲ့ ထင်တိုင်းကြဲနေတာပဲ ဖြစ်ပါတယ်” ဟု လူ့အခွင့်အရေးလှုပ်ရှားသူ မွေလျန်းက မဲခေါင်သို့ ပြောသည်။
စစ်ကောင်စီတပ်သည် ကျားဖြန့်အကြောင်းပြ၍ ခရီးသွား အများပြည်သူကို မတရားဖမ်းဆီးနေသဖြင့် ယင်းလုပ်ရပ်များကို ပြည်တွင်းသာမက နိုင်ငံတကာကပါ သိရှိပြီး ထိရောက်ပြင်းထန်စွာ အရေးယူနိုင်ရန် အမြန်လိုအပ်နေကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက တောင်းဆိုကြသည်။
#MeKongNews
#ရှမ်းပြည်မှတ်ပုံတင်
#ဘားအံ
#မော်လမြိုင်
#ဖမ်းဆီး








