မဲခေါင်၊ နိုဝင်ဘာ ၂၇
ထိန်းချုပ်နယ်မြေ အတွင်းရှိ ကေတီဗီအားလုံး နိုဝင်ဘာလကုန်မှစပြီး လုံးဝပိတ်ရမည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် – SSPP/SSA က နိုဝင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်လိုက်သည်။
ယင်းကေတီဗီများအနေဖြင့် ထုတ်ပြန်သည့်အတိုင်း မပိတ်ပါက ဆိုင်များကို အရေးယူ ချိတ်ပိတ်သွားမည် ဟုလည်း SSPP/SSA ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
“သူတို့ ထုတ်ပြန်ထားတာတော့ ဒီလကုန်ကစပြီး လုံးဝပိတ်ရမယ်၊ သူတို့အဖွဲ့လည်း စစ်ဆေးမယ်။ စစ်ဆေးတဲ့အခါ ဖွင့်ထားတာတွေ့ရင် ချိတ်ပိတ်မယ်လို့ ပြောတာပေါ့နော်” ဟု ရှမ်းလူငယ်တစ်ဦးက ပြောသည်။
ကေတီဗီများ ဖွင့်လှစ်ခြင်းကြောင့် လူမှုစာရိတ္တ ပျက်ပြားခြင်း၊ အပျော်လွန်ပြီး အကျင့်ပျက်ကာ မူးယစ်ဆေးဝါးများ သုံးစွဲခြင်း၊ အလုပ်အကိုင်ပျက်ခြင်း စသည့် ဆိုးကျိုးများကြောင့် ပိတ်ပင်ရခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်က ဆိုသည်။
SSPP/SSA သည် မိုင်းရှူး၊ ကျေးသီး၊ ကျောက်မဲ၊ သီပေါ၊ မိုင်းရယ်၊ တန့်ယန်း၊ နမ့်ခမ်း၊ မိုးမောက်၊ ပင်လုံနှင့် ရပ်စောက်မြို့နယ်တို့တွင် လှုပ်ရှားလျက်ရှိပြီး နယ်မြေအချို့ကို ထိန်းချုပ်ထားကာ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းတွင် ဌာနချုပ်တည်ရှိသည်။
#MeKongNews
#SSPP/SSA
#ကေတီဗီ
#လုံးဝပိတ်
#အမိန့်ထုတ်








