မဲခေါင်၊ နိုဝင်ဘာ ၂၆
ပြည်သူပိုင်နေအိမ်များမှ ခိုးဆိုးလုယက်ခြင်းဖြင့် ရှေ့တန်းတွင် စီးပွားအလွန်ဖြစ်သဖြင့် ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ ပအိုဝ်းပြည်သူ့စစ် – PNO တပ်သားများ အလုအယက် သွားချင်နေကြကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
၎င်းတို့မှာ ပင်ခွန်ကျေးရွာရှိ ဦးနေဝင်းထွန်းတပ်ခွဲနှင့် စင်းတောင်းရွာအနီးရှိ PNO တပ်သားများဖြစ်ကြပြီး ရှေ့တန်း တစ်ခါထွက်လျှင် သိန်း ၁၀၀ ကျော် ပြန်ပါကြသဖြင့် အလွန်သွားချင်နေကြကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“နေဝင်းထွန်းတပ်ခွဲက အဆိုးဆုံးပဲ၊ ရှေ့တန်း တစ်ခါတက်တာ ၇ ရက်လောက်ပဲ ရှိတယ်။ ပိုက်ဆံက သိန်း ၁၀၀ ကျော်ပါပြန်ပြီ။ ရှေ့တန်းမှာ ပြည်သူ့ပစ္စည်းကိုခိုးယူ၊ ပြည်သူ့အိမ်ဖောက်ကြတာ။ ရှေ့တန်းတက်ပြီး ပြန်လာရင် ပင်လောင်းမြို့ ပေါ်က သုံးဘီးသမားတွေ၊ ကားအကြီးတွေကို ငှားပြီး တိုက်ပွဲဖြစ်တဲ့နေရာမှာ ပစ္စည်းသွားသယ်ခိုင်းတာ။ ပြည်သူ့ဘုရားစင်၊ ထိုင်ခုံ၊ ဘီဒို၊ ကလေးစက်ဘီး၊ ထွန်စက်၊ အိုးခွက်တွေကအစ ခိုးပြန်တာ။ တော်တော်စိတ်ပျက်ဖို့ ကောင်းတယ်။ ခိုးတာကို သူတို့က အရသာတွေ့နေတာ ဝဋ်လည်မှာလည်း မကြောက်ကြဘူး။ ဒီလို ခိုးတာကို အကြီးပိုင်းကသိလည်း ဒီတိုင်းပဲ ထားတယ် ” ဟု ၎င်းက မဲခေါင်သို့ ပြောသည်။
ထို့နောက် ခိုးယူလာသော ပစ္စည်းများကို ပင်လောင်းမြို့၊ ကန်သာဦးရပ်ကွက်ရှိ အပေါင်ဆိုင်တွင် ဈေးပေါပေါဖြင့် ပြန်သွင်းနေကြောင်း ဒေသခံများထံမှ သိရသည်။
ထို့ပြင် နေ့နေ့ညည စစ်ကြောင်းထိုးနိုင်ရန် ၎င်းတို့အား WY ဆေးကိုလည်း သုံးခွင့်ပေးထားကြောင်း သိရသည်။
“ရှေ့တန်းသွားနေရတဲ့ PNO လက်အောက်ငယ်သားတွေကို အကြီးပိုင်းတွေက ယာမ(WYဆေးပြား)ကို ဝေပေးတယ်။ စစ်ကြောင်းထိုးတဲ့အချိန် မအိပ်ငိုက် အောင်ဆိုပြီး ပေးတယ်။ ဆေးတွေသုံးထားတော့ စစ်ကြောင်းမှာ ရူးရူးမူးမူးနဲ့ ပြည်သူတွေကိုတွေ့လည်း ရမ်းပစ်တယ်။ ရိုက်နှက်တာတွေလည်း လုပ်တယ်” ဟု ကိုယ်တိုင်ကြုံရသူ တောင်မဲသင်းရွာသားတစ်ဦးက ပြောသည်။
ပင်လောင်း – ဖယ်ခုံနယ်စပ်တွင် တိုက်ပွဲဖြစ်ပွားပြီး၊ ဒေသခံရွာသားများ စစ်ရှောင်ပြီးနောက် ကျန်ခဲ့သောနေအိမ်များ အိမ်ဖောက်ခံရခြင်း၊ အိမ်ဆောက်ပစ္စည်း၊ စိုက်ပျိုးရေးသုံးစက်ပစ္စည်းများ ခိုးယူခံရခြင်းများနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။
#MeKongNews
#ပင်လောင်း
#PNO
#ရှေ့တန်းထွက်
#စီးပွားဖြစ်








