မဲခေါင်၊ နိုဝင်ဘာ ၂၂
ရှမ်းပြည်မြောက်ပိုင်း၊ ပြည်ထောင်စုလမ်းမပေါ်မှ သီပေါတံတား ပိတ်ထားသည့်အတွက် ခရီးသွားကားများ ဖြတ်ကူးနေသည့် တာလုံဇက်ဆိပ်မှ မြစ်ကူးဇက်ဖောင် စက်ချို့ယွင်းမှုကြောင့် နိုဝင်ဘာ ၂၁ ရက်မှစ၍ ဇက်ဆိပ်ပိတ်လိုက်သဖြင့် ကမ်းကူးရန် စောင့်ဆိုင်းနေသည့် နှစ်ဘက်ကမ်းမှ ယာဥ်ပေါင်းများစွာ အခက်အခဲဖြစ်နေကြောင်း ခရီးသွားများထံမှ သိရသည်။
လားရှိုး – သီပေါ ၉ မိုင်လမ်းခွဲ – နားမခေါ်မှ တာလုံဇက်ဆိပ် ၎င်းမှ ပုံဝိုး – ကျွဲကုန်း – ကျောက်မဲလမ်းအတိုင်း သွားလာကြရသည့် ကားစီးရေ ရာပေါင်းများစွာမှာ လားရှိုးနှင့် မန္တလေးဘက်သို့ နောက်ပြန်လှည့်ရသဖြင့် ခရီးသည်များစွာ ဒုက္ခရောက်နေကြကြောင်း သိရသည်။
“ဟိုဘက်ဒီဘက် ကားအနည်းဆုံး လေးငါးရာလောက်ရှိတယ်။ လားရှိုးဘက်က တစ်နာရီလောက် မောင်းပြီး ဟိုယ၊ မိုင်းရယ်ဘက် လှည့်ရတယ်။ ကျောက်မဲ၊ ပုံဝိုးဘက် ကားတွေကျတော့ မန္တလေးအထိ ပြန်ဆင်းရတာ၊ လာချင်ရင် တောင်ကြီး၊ မိုင်းရယ်ဘက် ပတ်မှရတာ။ ပိုဆိုးတာက ခရီးသည်တွေကို ဆီဖိုးဆိုပြီး ကားခတစ်သိန်းစီ ထပ်တောင်းတာပဲ။ ခရီးသည်တွေ ဒုက္ခရောက်လိုက်တာ” ဟု ခရီးသွားတစ်ဦးက မဲခေါင်သို့ ပြောသည်။
တာလုံဇက်ဖောင် ပြင်ဆင်မှုမှာ အနည်းဆုံး ၃ ရက်မျှ ကြာမြင့်မည်ဟု သိရသည်။
ဇက်ကူးခမှာ လူတစ်ဦး ကျပ်၂ သောင်း နှင့် ၄ ယောက်စီးယာဥ်ငယ် ကျပ် ၈ သောင်း ပေးရကာ ယာဥ်ကြီးများမှာ ကျပ် ၃ သိန်း ၅ သိန်းဖြင့် ကုန်ပါလျှင်ပါသလို ပေးရကြောင်း ခရီးသွားများထံမှ သိရသည်။
ဇက်ကူးရန် စောင့်ရချိန်မှာ အနည်းဆုံး ၂၄ နာရီနှင့် အထက်ကြာမြင့်ပြီး VIP ကြေးခေါ် အပိုဆောင်းငွေ သိန်းချီပိုပေးပါက မစောင့်ရဘဲ ဖြတ်ကူး၍ရကြောင်း သိရသည်။
တာလုံဇက်ဆိပ်ကို SSPP က ထိန်းချုပ်ကာ ဖောင်တစ်စင်းတည်းဖြင့် ပို့ဆောင်နေပြီး ကားငယ်များဆိုလျှင် ၈ စီး၊ ၆ ဘီးကား ၆ စီးနှင့် ကားကြီးများတစ်ခေါက် ၄ စီး တင်ဆောင်နိုင်ကြောင်း သိရသည်။
#MeKongNews
#တာလုံ
#သီပေါတံတား
#ဇက်ဖောင်ပျက်
#SSPP








